Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အများပြည်သူရုံးပိတ်ရက်များတွင် ပြတ်လပ်မှုမရှိစေရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့်် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သည့် တရုတ်နိုင်ငံဘက်မျက်နှာစာမှ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ် နှင့် ထိုင်း နိုင်ငံဘက် မျက်နှာစာမှ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မောတောင်၊ ထီးခီးတို့မှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိပါသည်။

ဦးစားပေးတင်သွင်းခွင့်ပြု

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် (၂၆-၇-၂၀၂၁) ရက်နေ့မှ (၁-၈-၂၀၂၁) ရက်နေ့အထိ ကာလအတွင်း၌လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင် ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူ များ ညှိနှိုင်းထားသည့် SOP များနှင့် အညီလွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ  အွန်လိုင်းစနစ်ဖြင့် ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၃၈၇၉) ခု၊ Test Kit (၉၆၆၀) ခု တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီလိတ် ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည်  (Bowser) ယာဉ် (၃) စီးဖြင့် (၅၈) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၃၅) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၂၉၅) ခု၊ Test Kit (၉၆၆၀) ခု၊ နှာခေါင်းစီး (Mask) (၈၂) တန်၊ PPE ဝတ်စုံ (၇၀၀၀) စုံ တင်သွင်း နိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၃၃) ခု မှ ယာဉ်စီးရေ (၄၉) စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၂၇-၇-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ(၅၁၃)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၆၁၁) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၄၆၅)တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၀၅) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၄၁၃၈၂)ခု၊ Test Kit (၂၆၀၅၂၈) ခု၊ နှာခေါင်းစီး (Mask) (၇၇၆) တန် ၊ Oxygen Plant (၄) ခု၊ Oxygen Generator (၉) ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

သတင်းစဉ်