Skip to main content

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၆ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိရာ ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၁၉ ဦးနှင့် အမျိုးသမီး ၉၀ စုစုပေါင်း ၂၀၉ ဦးကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိနယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၀၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၀ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၇၁ ဦးနှင့် အမျိုးသမီး ၁၆၀ စုစုပေါင်း ၃၃၁ ဦးကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိနယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၇၁ ဦးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၊ နယ်မြေခံသင်တန်းကျောင်းနှင့်တပ်နယ်အားကစားခန်းမ တို့၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ( ၁၆ ဦး စုစုပေါင်း ၃၂ ဦးကိုလည်းကောင်း လက်ခံထားရှိကြောင်း သိရှိရသည်။ အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့ များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ကိုဗစ် ကုသရေးစင်တာကို ယနေ့ဖွင့်လှစ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ကြသည်။ ထို့နောက်တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါကိုဗစ် ကုသရေး စင်တာ၌ လူနာဆောင်များပြင်ဆင်ထားရှိမှု၊ အောင်ဆီဂျင် Plant များ တပ်ဆင်ထားရှိမှု၊ ရေချိုးခန်းများ၊ CCTV Control Room၊ ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များထားရှိရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှု များကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်ပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ( ကိုဗစ်-၁၉ ကုသရေးစင်တာ ပြုလုပ်မည့် (ခုတင်-၃၀၀)ဆံ့ သင်ကြားရေး ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်