Skip to main content

ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဇူလိုင် ၂၆ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက် များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေစေရေး အတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်လျက်ရှိသည်။ ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံနှင့် လေးမျက်နှာမြို့နယ် အိုင်သပြု တိုက်နယ်ဆေးရုံတို့ရှိ ကျန်းမာရေး ဝန်ထမ်းများကိုလည်း ကောင်း ဆန်၊ ဆီ၊ ဆား၊ ပဲ၊စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ နေရာအသီးသီး၌ သွားရောက်ထောက်ပံ့ပေးအပ်သည်။ အလားတူ မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းကျေးရွာရှိ ရေလုပ်သားမိသားစုများအနေဖြင့် ရေလုပ်ငန်းလုပ်ကိုင်နိုင်မှုမရှိဘဲ စားရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများနှင့် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများကို စက်လှေများဖြင့် သွားရောက်ပေးပို့လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်