လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် ပတ်သက်၍ ဘားအံမြို့ ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ချိုချိုစန်းထူးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်တို့အား တွေ့ဆုံမေးမြန်းထားပါသည်။
ဒေါက်တာ ဒေါ်ချိုချိုစန်းထူး ဆေးပညာအထူးကု ဆရာဝန်ကြီး
မေး ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး သိလိုပါတယ်။ ။
ဖြေ ။ ။ ကိုဗစ်ကဖြစ်လာတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ အများသိထားတဲ့အတိုင်း အထိအတွေ့က နေပြီး ကူးနိုင်တယ်။ အသက်ရှူတဲ့ အခါ ရောဂါပိုးပါတဲ့လေကို ရှူမိတဲ့အခါမှာလည်း ကူးနိုင်တယ်။ အဓိကကတော့လူစုလူဝေးတွေစုမိတယ် ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက်က ခြောက် ပေမကွာဘူး၊ ဒီတစ်ယောက်က နှာချေလိုက်လို့ သူ့အမှုန်ကိုရှူမိရင် ကူးတယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ထိုင်တယ်။ အထိအတွေ့ရှိတယ်၊ ရှူထုတ်လိုက်တဲ့လေကို ရှူမိတယ်၊ ချောင်းဆိုးတာကို ရှူမိလိုက်တယ်ဆိုရင်လည်း ကူးပါတယ်။ လူစုလူဝေးတွေကြောင့်လည်း ကူးနိုင်တယ်။ အဓိကက လူစုလူဝေး မလုပ်စေချင်ပါဘူး။ လူစုလူဝေးများလေ ကူးတဲ့နှုန်းပိုပြီးများလေ ဖြစ်မှာပါ။
မေး ။ ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ဟာ ဘယ်လို ကွာခြားမှုရှိတယ်ဆိုတာရယ်၊ ဖြစ်လာပြီ ဆိုရင် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတဲ့ ရှောင်ရန်၊ ဆောင်ရန် အချက်လေးတွေလည်း ပြောပြပေးစေလို ပါတယ်။
ဖြေ ။ ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ကို ဒီအတိုင်းဆို ခွဲလို့မရဘူး။ ရာသီတုပ်ကွေးကလည်း တစ်ကိုယ်လုံး ကိုက်မယ် ခဲမယ်၊ နှာစေးလာမယ်။ ဖျားမယ် ပေါ့နော်၊ ကိုဗစ်ကလည်း စဖြစ်ရင် တစ်ကိုယ် လုံး ကိုက်ခဲလာမယ်။ ဖျားလာမယ်၊ နှာပိတ်သလိုလို ဖြစ်ပါမယ်။ တစ်ခုကွာခြားချက်က ရာသီတုပ်ကွေးက ကိုက်ခဲတယ်၊ နှာစေးတယ်၊ ဖျားတယ်။ ပြီးပြီဆိုရင် အိုကေသွားတယ်။ ကိုဗစ်ကျတော့ ထူးခြားတာတစ်ခုက အနံ့ပျောက်သွားတာတစ်ခုရှိတယ်။ လုံးဝအနံ့ မရဘူး။ နှာခေါင်းထဲမှာရှိတဲ့ အနံ့ခံတဲ့ အစိတ်အပိုင်း လေးတွေကို ဒီဗိုင်းရပ်စ်ပိုးကထိတွေ့တဲ့အခါမှာ ခဏ ဖျက်ဆီးလိုက်တယ်။ အဲဒီအခါမှာ အနံ့ပျောက်သွားတယ်။ ဒါက ထူးခြားချက်တစ်ခုပေါ့နော်။ ကွာခြား တာက ရာသီတုပ်ကွေးက သေဆုံးနှုန်း အလွန်နည်းတယ်။ ကိုဗစ်-၁၉ ကျတော့ သေဆုံးမှု အထိုက် အလျောက်ရှိတယ်။ အခု မျိုးဗီဇအသစ် ကိုဗစ်မှာ သေဆုံးနှုန်းက ပိုပြီးတော့မြင့်လာတယ်။ ရာသီတုပ် ကွေးနဲ့ အခြေခံအချက်အလက်တွေကတူတယ်။ ထူးခြားတာကတော့ အနံ့ပျောက်သွားတာရယ်။ သေဆုံးနှုန်းပိုပြီးတော့ မြင့်တာရယ်၊ ကူးစက်နှုန်းကလည်း အဆတော်တော်များများ ပိုပြီးတော့ မြင့်လာပါတယ်။
မေး ။ ။ အခုတတိယလှိုင်းမှာ မျိုးဗီဇပြောင်းသွားတဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ ရောဂါ ကူးစက်ခံရရင် ဖြစ်ပေါ်လာတဲ့ လက္ခဏာလေး တွေကိုလည်း ရှင်းပြပေးစေချင်ပါတယ်။
ဖြေ ။ ။ မျိုးဗီဇပြောင်းလို့လက္ခဏာက ပြောင်းလဲမသွားပါဘူး။ အရင် ကိုဗစ်လည်း ဒီအတိုင်းပဲ။ အခု ကိုဗစ်လည်း ဒီအတိုင်းပါပဲ။ နိုင်ငံတကာ သုတေသနအရ ပြန့်ပွားနှုန်းကနည်းနည်း ပိုပြီးတော့ မြန်လာတယ်။ ကျွန်မ အတွေ့အကြုံအရ ပြောရရင် နည်းနည်းပိုပြီးတော့ ပြင်းထန်လာတယ်။ သေဆုံးနှုန်း ကလည်း ပိုပြီးတော့ မြင့်လာတယ်။ လက္ခဏာ ပြောင်းသွားတာတော့ မရှိပါဘူး။
မေး ။ ။ ကိုဗစ်ကူးစက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာကို ပြောပြပေး စေချင်ပါတယ်။
ဖြေ ။ ။ ကပ်ရောဂါဆိုတဲ့ သဘောသဘာဝကို နည်းနည်းလေးရှင်းပြချင်တယ်။ ကမ္ဘာ တစ်ဝန်းက သုတေသနပြုလုပ်ချက်တွေအရ ကပ်ရောဂါတွေမှာ အဆင့်(၄)ဆင့်ရှိတယ်။ ကိုဗစ် နဲ့ အခြေခံပြီး ပြောပြရရင် အဆင့်(၁)မှာ ပြည်ပနိုင်ငံ တစ်ခုကနေပြီး ပြန်လာတယ်၊ သယ်လာတယ်။ လေယာဉ်ကွင်းက အဆင်းမှာတွေ့တယ်။ ဒါမျိုးဆိုရင် အဆင့်(၁)လို့ခေါ်ပါတယ်။ အဲဒီအချိန်မျိုးမှာဆိုရင် လေယာဉ်က အဆင်းမှာ လည်ချောင်း၊ နှာခေါင်း တို့ဖတ်တွေယူတယ်၊ တွေ့တယ်ဆိုတာနဲ့ Quarantine ထားလိုက်တယ်၊ အဲဒါက အဆင့်(၁)ပါ။အဆင့်(၂)မှာဆိုရင် သူကနေပြီးတော့ သူ့ရဲ့ မိသားစုတွေ၊ သူနဲ့အတူ လူစုလူဝေး လုပ်ခဲ့မိတဲ့သူတွေကို ကူးတယ်။ အဲဒီအခါမျိုးမှာဆိုရင် Case ကို တွေ့အောင် ရှာရတယ်၊ ပြီးရင် ဖမ်းထိန်းထားလိုက်ရ တယ်။ အဆင့်(၁) နဲ့ (၂)နဲ့မှာ အပတ်တကုတ် ကြိုးစားပြီး အဆင့်(၃)ကို မရောက်အောင် ထိန်းရ တယ်ပေါ့နော်။ သို့သော် ကူးစက်ရောဂါသဘာဝအရ အဆင့်(၃) ကို မဖြစ်စေရဘူးလို့တော့ လုပ်လို့မရဘူး။ တဖြည်းဖြည်းနဲ့ပျံ့နှံ့လာတဲ့ သဘောသဘာဝတော့ ရှိတယ်၊ကပ်ရောဂါရဲ့ သဘောသဘာဝအရ အဆင့်(၂) ပြီးလျှင် အဆင့်(၃)လာတာပဲ။ ။
အဆင့်(၃)က ဘယ်လိုလဲဆိုတော့ ဟိုဘက် ရပ်ကွက်မှာ တစ်ယောက်၊ ဒီဘက်ရပ်ကွက်မှာ တစ်ယောက်၊ ဘယ်ကရယ်လို့ရင်းမြစ်ရှာလို့ မရဘူး။ ဥပမာ နိုင်ငံခြားက ပြန်လာလို့လည်းမဟုတ်ဘူး၊ ခရီးက ပြန်လာတဲ့ရာဇဝင်လည်းမရှိဘူး၊ အလိုလို ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဘယ်ကနေကူးတယ် ဆိုတာကို ရှာလို့မရဘဲနဲ့ Case တွေစပြီးဖြစ်လာတာပေါ့။ ကျွန်မတို့ဆီမှာတော့ မတ်၊ ဧပြီ လောက်မှာ ဘယ်ကမှန်းရှာလို့မရဘဲနဲ့ Case တွေ စပေါ်လာတာ မျိုးဖြစ်လာပါတယ်၊ အဲဒါက အဆင့်(၃) ဖြစ်ပါတယ်။ အဆင့် (၃) ကနေပြီးတော့ အလွန်လျင်မြန်စွာနဲ့ အဆင့်(၄)ကို ပြောင်းတတ်တယ်။ ကပ်ရောဂါရဲ့ သဘာဝကို နားလည်စေချင်တာပါ။ အဆင့်(၃)ပြီးရင် အဆင့်(၄)သည် အော်တိုအမြန် လာမှာပဲ။ အဆင့်(၄) ဆိုတာကတော့ အလွန်ကျယ်ပြန့်တဲ့နေရာမှာ အုံလိုက် ကျင်းလိုက်ဖြစ်တာကို ဆိုလိုတာပါ။ အခု ဆိုရင် ရန်ကုန်လိုနေရာမျိုးမှာ ဖြစ်နေပြီ၊ မန္တလေး ဖြစ်နေပြီ။ အခုလည်း ဘားအံမှာ စပြီးတော့ အုံလိုက် ကျင်းလိုက် ဖြစ်နေပြီ။ အဆင့်(၁)နဲ့ (၂)မှာတော့ Case ကို အမြန်ရှာတယ်။ Quarantine လုပ်တယ်။ အဆင့်(၃)မှာဆိုလျှင် Lock Down တွေ ချရတယ်။ ထပ်ပြီးကျယ်ကျယ်ပြန့်ပြန့် မဖြစ်ဖို့အတွက် Lock Down ချရခြင်း ဖြစ်ပါတယ်။ ကုန်တိုက်ကြီးတွေ ပိတ်ပစ်လိုက်တာတို့၊ ဘားတွေ၊ နိုက်ကလပ်တွေ ပိတ်လိုက်ရတာတို့ အဲဒါမျိုးတွေပေါ့။ နေရာတွေ၊ မြို့တွေ Lock Down ချရတာမျိုးပါ။
အဲဒီကနေပြီးတော့ အဆင့်(၄)အုတ်အော်သောင်း တင်း အကုန်ဖြစ်ပြီဆိုရင် ကျွန်မတို့အပိုင်းက အုပ်စု လိုက် ဆောင်ရွက်ရတဲ့ ပုံစံမျိုးတွေဖြစ်လာတယ်။ ဥပမာ အရင်တုန်းက လူနာ အယောက် ၂၀ တွေ့ရင် အယောက် ၂၀လုံး ဆေးရုံပေါ်မှာတင်ထားနိုင်တယ်။ Contact ၁၀၀ တွေ့ရင် ၁၀၀ လုံးကို Quarantine စုထားနိုင်တယ်။ ဒါပေမဲ့ အဆင့် (၄) ဖြစ်ပြီဆိုရင်တော့ အဲဒီလိုပုံစံမျိုးမဟုတ်တော့ဘူး။ ဥပမာ ဆေးရုံ က ခုတင် ၅၀ ဆံ့ ဆိုပါစို့။ အနံ့ပျောက်သွားတာက ၁၀၀၊ အသည်းအသန်ဖြစ်နေတာက ၁၀၀ ဆိုရင် ၂၀၀ လုံးကို ဆေးရုံတင်ထားဖို့ရာအတွက် အခက်အခဲ ရှိလာပြီ။ အဲဒီအခါမျိုးမှာဆိုရင် ပုံမှန်အနံ့ပျောက်တာ တို့၊ ငွေ့ငွေ့ဖျားတာတို့ဆိုရင် ခဏအသာထားပြီး အသည်းအသန်သမားတွေကို ဦးစားပေးကုရတယ်။ အဲဒီအခါမှာ ဝမ်းနည်းစရာတော့ ကောင်းတယ်။ အကုန်လုံးကို ကုပေးလို့ မရဘူးလေ။ ခုတင် ၅၀ ရှိတာကို ၁၀၀ တင်လို့မရဘူး၊ အသည်းအသန် လူကို ရွေးထုတ်ပြီးတော့ ကုရတဲ့သဘောရှိပါတယ်။
အဲဒီအခါမှာ ခုတင်မလုံလောက်မှုတွေ သဘာဝ တရားအရကို ပေါ်ပေါက်လာတယ်။ နိုင်ငံတကာမှာ လည်း ဒီလိုပဲ မြန်မာမှာလည်းဒီလိုပဲ။ ကိုယ့်တစ်နိုင်ငံ တည်းမှ ထူးဖြစ်တာမဟုတ်ဘူး။ ကမ္ဘာအနှံ့မှာ လည်း ဒီလိုဖြစ်နေကြတာပဲ။ နောက်တစ်ခုက ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမတွေဟာ လူရောစိတ်ပါ အရမ်းပင်ပန်းသွားတဲ့အနေအထား၊ နောက်တစ်ခုက ပစ္စည်းယန္တရား မလုံလောက်မှုပေါ့။ ဥပမာ အသည်းအသန်ဖြစ်တာက လူ၆၀၊ ပေးနိုင်တဲ့ Oxygen စက် အနေအထားက လူ၂၀ ပဲရှိတယ်ဆိုရင် အသည်းအသန်သမားကို ဦးစားပေးရတယ်။ အဲဒီလို မျိုးပေါ့နော်။
ပြောချင်တာကဆေးရုံတက်ချင်တယ်။ ဖြစ်တဲ့ အခါမှာ ကျွန်မတို့က ဇွန်လထဲမှာဆိုရင် စုစုပေါင်း ၆၄ယောက်ရှိတယ်။ အကုန်လုံးထိန်းထားနိုင်တယ်။ ဇူလိုင်လထဲမှာတော့ ကပ်ရောဂါ အဆင့် (၄) ရဲ့ သဘာဝအရ ဇူလိုင်လ ၁၃ ရက်နေ့အထိ စုစုပေါင်း လူနာ ၈၇ ယောက်လောက်အထိ ရုတ်တရက်တက် လာတယ်။ ခုတင် ၂၀၀ ဆံ့ ဆေးရုံဆိုတော့ ၀န်ထမ်း အင်အားကလည်း အားလုံးသိတဲ့အတိုင်း နည်းသွား တဲ့အခါကျတော့ တကယ်တမ်း လက်ခံနိုင်တာက လူ ၃၀ အတွက်ပဲ လက်ခံနိုင်ပေမယ့် ရုတ်တရက် ဝုန်းခနဲ တက်လာတဲ့အခါကျတော့ လူနာဦးရေ ၈၇ ဦးလောက်အထိကို လက်ခံထားလိုက်နိုင်သော်လည်း တကယ်တမ်းပြောချင်တာက ဆေးရုံဟာ ရောဂါဖြစ်လာတဲ့ပမဏအတွက် လုံလောက်မှု မရှိတော့ဘူး။ အဲဒီအချိန်မှာ အခြား Center တွေလည်း ဖွင့်ရတယ်။ သိပ်ပြီး အခြေအနေမဆိုးတဲ့သူတွေကို အခြားစင်တာတွေကိုပို့၊ ဘားအံဆိုရင် တိုင်းရင်း ဆေးရုံ၊ နတလသင်တန်းကျောင်းတွေကို ပို့၊ အသည်း အသန်လူနာတွေကို ဒီဆေးရုံမှာစုထားပြီး Oxygen ကို လူတိုင်းလူတိုင်းအတွက် မပေးနိုင်တော့ဘဲ အသည်းအသန်လူနာတွေကိုသာ ဦးစားပေး၊ ပြန်ပြီး ရွေးချယ်ရတာပေါ့နော်။ ။
ကျန်တာတွေကတော့ ရောဂါကာကွယ် တားဆီးရေး Public Health ပေါ့နော်။ သူ့အပိုင်းနဲ့သူရှာဖွေ -ပေးတာတွေရှိပါတယ်။ ဖြစ်တဲ့လူဦးရေ အလွန်များ လာတော့ ယခင်နဲ့က မတူနိုင်တော့ဘူး။ နားလည်ပေးစေချင်တာပါ။ ပြည်သူ့ဆေးရုံက -အသည်းအသန်လူနာတွေကို တာဝန်ယူပေးတယ်။
သာမန်အနံ့ပျောက်တာလောက်ကတော့ Public Health ပြည်သူ့ကျန်းမာအစီအစဉ်နဲ့စစ်ပေးတယ်။ Quarantine Center တွေကို ပို့ပေးတယ်။ အဲဒါမျိုး လေးတွေကွဲပြားစေချင်တာပါ။ ။
မေး ။ ။ ဘာအံဆေးရုံမှာအောက်ဆီဂျင်လုံလောက်မှုရှိရဲ့လားဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။အောက်ဆီဂျင်ကတော့ လောလောဆယ်အချိန်အထိ ဆေးရုံပေါ်က လူနာတွေ အတွက် ပြတ်လပ်တယ်ဆိုတဲ့အဆင့်ထိ မရောက်သေးပါဘူး။ အရင်ကတည်းက အောက်ဆီဂျင်စက်အကြီးကြီး တစ်လုံးရှိတယ်။ ပြီးတော့ ဝိသာခါဖောင်ဒေးရှင်း ကနေပြီးတော့ အလှူငွေ မတည်ပြီးတော့ နိုင်ငံတော် ဘဏ္ဍာနဲ့ ပေါင်းပြီး သိန်းတစ်ထောင့်ငါးရာခန့် တန်ဖိုးရှိတဲ့ အောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်ကြီး တစ်လုံးကို ဧပြီလကုန်လောက်မှာ ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက်ဒီတတိယလှိုင်းအမီကို ပြီးသွားတယ်ဆိုတော့ အဲဒီ ကနေပြီး ပိုက်လိုင်းတွေနဲ့ ကိုဗစ် အသည်းအသန် အဆောင်တွေကို ဖြန့်ပေးနိုင်တယ်။ အောက်ဆီဂျင် လိုအပ်ချက်က ရိုးရိုးရောဂါမှာ လိုအပ်တာနဲ့မတူဘူး။ သွေးက အောက်ဆီဂျင်သယ်တဲ့ စနစ်ကို ပျက်သွား တာဖြစ်တဲ့အတွက်ကြောင့်မို့ အဆုတ်မကောင်းလို့ သေတာတင် မကဘူး၊ ကိုဗစ်ရဲ့ သဘာဝက သွေးအဖွဲ့ အစည်းကိုပါ ဖျက်ဆီးလိုက်တာ။ သွေးနီဥက အောက်ဆီဂျင်သယ်တယ်။ သွေးနီဥကို အောက်ဆီဂျင် သယ်လို့မရအောင်ကပ်ပြီးတော့ အောက်ဆီဂျင် သယ်တဲ့စနစ်ကို ဖျက်လိုက်တော့ သွေးသာရှိတယ်။ အောက်ဆီဂျင်မသယ်တော့လို့ ပုံမှန် ၉၆၊ ၉၈ ရှိရမယ့် နေရာမှာ ၈၀၊ ၆၀၊ ၄၀ အဲဒီလိုမျိုး ချက်ချင်းထိုးကျပြီး ချက်ချင်းသေဆုံးသွားတာပါ။
အဲဒါကို ကာမိအောင် အောက်ဆီဂျင်ကို တအား မှုတ်ပြီးသွင်းရတာ ဖြစ်ပါတယ်။ အောက်ဆီဂျင် ကုန်ကျတာ အတော်များတယ်။ အခုထက်ထိတော့ ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်သေးဘူး။ ဒါပေမဲ့ စိုးရိမ်ရတဲ့အနေအထားကိုတော့ ရောက်တော့ရောက်လာပြီပေါ့နော်။ ဒီထက်များ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာရင်တော့ စိတ်ပူရတဲ့ အနေအထား မျိုးဖြစ်လာနိုင်ပါတယ်။ ဒီအောက်ဆီဂျင်စက်အပြင် အားကူထားရတဲ့စက်တွေလည်း ရှိသေးတယ်၊ အခု ထက်ထိတော့ အတော့်ကို ကျားကန်ထားရတယ်။ ခံနိုင်ဝန်ထက်တော့ နည်းနည်းလေးကျော်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူနာသယ်တာ၊ ပို့တာတွေ အကုန်လုံးကို ဝိုင်းကူကြတယ်။ လိုလေသေးကို မရှိအောင်ပါပဲ။ ကျွန်မ အတော်ချီးကျူးမိပါတယ်။ ပီတိလည်းဖြစ်ရတယ်။ ဝမ်းလည်းသာရတယ်။ ကျေးဇူးလည်းတင်မိ ပါတယ်။
အခုအခါမှာ လူနာတွေက အလွန်ကိုများတယ်၊ ၁၃ ရက်နေ့ကဆိုရင် တစ်ရက်တည်းနဲ့ ပိုးရှိသူ အယောက် ၂၀ ထွက်တယ်၊ သေလုမျောပါးတွေကလည်း အများကြီးပဲ။ ကျွန်မတို့က ပြန်ရှင်လာနိုင်အောင် တော်တော်လေးကို လုပ်ရတယ်။ ရှင်အောင် လုပ်တဲ့ကြားထဲကဇွန်လထဲမှာ သုံးယောက်သေတယ်။ ဇူလိုင်လမှာတော့ ရုတ်တရက် ဝုန်းခနဲ လူနာများ လာတယ်။ ဒီကနေ့အထိ ၁၃ ယောက်လောက် လက်လွှတ်လိုက်ရပြီးပြီပေါ့နော်။ ဖြစ်တဲ့နှုန်းကလည်း ခုန်တက်လာတယ်။ သေတဲ့နှုန်းကလည်း ခုန်တက်လာတယ်ပေါ့နော်။ အထူးသတိထားရမယ့် ကိန်းဂဏန်းအခြေအနေကို ရောက်လာပါပြီ။ ကပ်ရောဂါရဲ့ အခြေအနေဟာ အဆင့်(၄)အထိရောက် ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူအားလုံး ကလည်း အထူးဂရုစိုက်ပြီး တစ်ယောက်ချင်းက အလေးထားစေချင်ပါတယ်။ ယခုဖြစ်ပွားလျက်ရှိတဲ့ ကပ်ရောဂါဟာ ဆေးရုံတစ်ခုတည်းနဲ့ဆိုင်တာ မဟုတ်ပါဘူး။ လူသားအားလုံးနဲ့ ဆိုင်တာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးတော့ သတိထားပေးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
ဒေါက်တာ ဘရန်အောင် ၊ ဘားအံပြည်သူ့ဆေးရုံအုပ်ကြီး
မေး ။ ။ ဘားအံပြည်သူ့ဆေးရုံမှာ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို သိလိုပါတယ်။
ဖြေ ။ ။ လက်ရှိမှာ ဆေးရုံတက်ရမယ့်လူနာတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပါတယ်။ ဆေးရုံတက်ဖို့ လိုတဲ့သူတွေ၊ ခွဲစိတ်ခန်းဝင်ဖို့လိုတဲ့ သူတွေကိုတော့ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီး ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာတွေကို သီးခြားခွဲပြီး ဆောင်ရွက်နေပါတယ်။ ပြင်းထန်တဲ့လူနာတွေကို ဆေးရုံမှာထားတယ်။ နည်းနည်းသက်သာလာတဲ့ လူနာတွေကို Quarantine Center တွေကို ပို့ပါတယ်။
Quarantine Center ကတော့ တိုင်းရင်းဆေးရုံကြီးနဲ့ နတလသင်တန်းကျောင်းဖြစ်ပါတယ်။ အခုရက်ပိုင်းမှာ ထူးခြားတာကတော့ ရောဂါဖြစ်တဲ့ သူအားလုံးက ပြင်းထန်မှုများပြားလာပြီး ဆေးရုံ တက်ကုသရမယ့် အခြေအနေတွေဖြစ်တာကြောင့် လက်ရှိဆေးရုံမှာ လူနာခုတင်မလုံလောက်မှု အခက် အခဲတွေ ကြုံတွေ့နေရပါတယ်။
မေး ။ ။ ပြည်သူတွေကို အခုလက်ရှိ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေကိုလည်း သိလိုပါတယ်။
ဖြေ ။ ။ လက်ရှိမှာ ကာကွယ်ဆေးထိုးနှံနေမှု အပိုင်းကိုတော့ ပြည်သူများကို ပြည်သူ့ ကျန်းမာရေးက ဆောင်ရွက်နေပြီး ဆေးရုံအပိုင်းကတော့ ဆေးထိုးရမည့်ဝန်ထမ်းများကို ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်ပြည့်အောင် ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ဆေးမထိုးရမယ့် နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်တွေသာ ကျန်ရှိပါတယ်။ နောက်ထပ် ကာကွယ်ဆေးရောက်လာရင်လည်း ဆက်ပြီး ထိုးနှံပေးသွားမှာပါ။
မေး ။ ။ ယခုလက်ရှိအနေအထားအရ နေရာတိုင်းမှာ အောက်ဆီဂျင်ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်လို့ ကြားသိနေရပါတယ်။ ဘားအံဆေးရုံ ကြီးမှာ လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှုမရှိအောင် စီမံထားမှုအခြေအနေတွေကိုလည်း သိလိုပါတယ်။
ဖြေ ။ ။ လက်ရှိအနေအထားအရ ဒီနေ့အထိ အောက်ဆီဂျင်သုံးစွဲမှုနှုန်းနဲ့ ပေးဝေနိုင်မှု နှုန်းကမျှခြေမှာ ရှိပါတယ်။ အခက်အခဲတော့မရှိပါဘူး။ ဒီထက်ပိုလိုအပ်လာရင်တော့ အောက်ဆီဂျင်အိုးတွေ ဆောင်ထားဖို့ စီစဉ်ထားတာတွေတော့ ရှိပါတယ်။ နောက်ထပ်ပြီးတော့ အောက်ဆီဂျင် Plant တွေ တည်ဆောက်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်ထားတာ တွေရှိပါတယ်။
မေး ။ ။ အခုလက်ရှိအခြေအနေမှာ ကိုဗစ်စင်တာတွေမှာ ကုသမှုအပိုင်းတွေ ဘယ်လို ဆောင်ရွက်ပေး ထားပါသလဲ၊ ရှေ့ဆက်ပြီး ကိုဗစ် စင်တာတွေမှာ ဆောင်ရွက်မယ့် အခြေအနေတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။ ။
ဖြေ ။ ။ ကုသရေးစင်တာမှာ လက်ရှိမှာတော့ ဘားအံဆေးရုံကြီးလို လူနာများများနဲ့ ထားနိုင်ဖို့အတွက် တိုင်းရင်းဆေးရုံကြီးကို ကိုဗစ်-၁၉ကပ်ရောဂါ ကုသမယ့် ဆေးရုံတစ်ရုံဖြစ်ဖို့ အတွက် ဆောင်ရွက်နေ ပါတယ်။ လက်ရှိ ကိုဗစ် စင်တာတွေမှာတော့ ရှိတဲ့ကျန်းမာရေးဝန်ထမ်း အင်အားနဲ့ စေတနာ့ ဝန်ထမ်းတွေ၊ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတွေက ဦးစီးပြီး ဆောင်ရွက်နေကြ ပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ဘယ်လိုလိုက်နာ ဆောင်ရွက်သင့်တယ်။ ဘယ်လိုရှောင်သင့် တယ်ဆိုတာကိုလည်း ထပ်မံ ဖြည့်စွက်ပြောကြားစေလိုပါတယ်။
ဖြေ ။ ။ ဆောင်ရန်၊ ရှောင်ရန်ကတော့ အားလုံး သိကြတဲ့အတိုင်း Mask (နှာခေါင်းစည်း) တပ်ဖို့၊ လက်ဆေးဖို့၊ ခြောက်ပေအကွာ နေထိုင်ပြောဆိုကြဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ဖြစ်ပါတယ်။ တကယ်တမ်း ကိုဗစ်ကာကွယ်ဖို့ဆိုတာ အလွန် ရိုးရှင်းတဲ့ ဆောင်ရွက်မှုတွေကြီးပါပဲ။ လူတိုင်းလည်း လိုက်နာဆောင် ဆောင်ရွက်နိုင်ကြပါတယ်။ ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ အကြံပြုလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
အောင်ဇော်ဦး၊ စိုးစိုးအေး
ဓာတ်ပုံ - စောမျိုးမင်းသိန်း(ပြန်/ဆက်)