Skip to main content

အသက်တစ်ချောင်းသေသွားဖို့မပြောနဲ့ သူတို့ သာမန်နေမကောင်းဘူး၊ ကျန်းမာရေး မကောင်းဘူး၊ နှာစေးချောင်းဆိုး ဖြစ်တာကအစ ကျွန်တော်တို့က ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝ ပေးရပါတယ်

နေပြည်တော် ဇူလိုင် ၂၅

အင်းစိန်ထောင်အတွင်း အခြေအနေများနှင့်ပတ်သက်၍ လူမျိုးတုံး သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေါက်တာဆာဆာ၏ ပြောကြားချက်ကို ဒီဗွီဘီသတင်းဌာနမှ ဖော်ပြခဲ့မှုနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန်ကို အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်အား မြန်မာအသံနှင့် ရုပ်မြင်သံကြားက ဇူလိုင် ၂၅ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့မှုကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ဦးချမ်းအေးကျော် ။ ။ ညှိနှိုင်းမှုရဲ့ နောက်ပိုင်းမှာ ဒီဆူပူဆန္ဒပြမှုထဲမှာပါတဲ့ အဖွဲ့တွေကို မတရား ရိုက်နှက်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒါကလုံးဝ မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်လဲဆိုရင် အကျဉ်းထောင်ရဲ့ သဘောတရားအရ အကျဉ်းထောင်ထဲကို ဝင်မယ်ဆိုရင် အကျဉ်းထောင်က တာဝန်ရှိတဲ့သူတွေကပဲ ဝင်လို့ ရပါတယ်။

တာဝန်ရှိတဲ့သူတွေ ဝင်လို့ရတယ်ဆိုတာကို ဘယ်လိုသဘောနဲ့ ပြောလဲဆိုရင် အကျဉ်းထောင်အတွင်းကို အကျဉ်းထောင်မှာ တာဝန် ကျတဲ့ ဝန်ထမ်းတွေရှိပါတယ်။ ဥပမာ-တချို့ ဝန်ထမ်းတွေက အကျဉ်း ထောင်ရဲ့ အပြင်မှာတာဝန်ကျတယ်။ တချို့ ဝန်ထမ်းတွေက အကျဉ်းထောင်အတွင်းမှာ တာဝန်ကျတယ်။ အကျဉ်းထောင်ရဲ့ အတွင်းမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေက အကျဉ်းထောင်အတွင်းကို ဝင်ခွင့်ရှိ ပေမယ့်၊ အကျဉ်းထောင်ရဲ့ အပြင်ဘက်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေက အကျဉ်းထောင် အတွင်းကို တာဝန်မရှိဘဲ ဝင်ခွင့်မရှိပါဘူး။

ကျွန်တော်တို့ ဝန်ထမ်းတွေတောင် အကျဉ်းထောင်အတွင်းကို တာဝန်မရှိရင် ဝင်လို့မရတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းမဟုတ်တဲ့ ကျန်တဲ့ ပြင်ပအဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  အပါအဝင် ကျန်တဲ့အဖွဲ့အစည်းတွေက ဝင်မယ်ဆိုရင် ဝင်လို့မရပါဘူး။ အကျဉ်းထောင်အတွင်းကို လက်နက်ကိုင်ဆောင်ပြီး ဝင်လို့မရဘူး ဆိုတာကို ဥပဒေမှာ တစ်ခါတည်း ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။

ဒါကို ဘာကြောင့်ပြောရလဲဆိုရင် ဒီအကျဉ်းထောင်ထဲကို ကျန်တဲ့ သူတွေကဝင်ပြီး ရိုက်နှက်တယ်လို့ ပြောကြပါတယ်။ အမှန်တကယ်က အကျဉ်းထောင်အတွင်း ဆူပူမှုတွေဖြစ်ပြီး နောက်ပိုင်းပြီးသွားတယ်။ ညနေပိုင်းမှာလည်း ထောင်ပိတ်လိုက်ပါတယ်။ ထောင်ပိတ်လိုက်ရင် ထောင်ထဲမှာရှိတဲ့ အကျဉ်းသား အချုပ်သားတွေကို သူတို့ရဲ့သက်ဆိုင်ရာ အခန်းတွေထဲထည့်ပြီး တံခါးကို ပိတ်ချလိုက်တာ၊ သော့ခတ်လိုက်တာပါ။

သော့ခတ်လိုက်ပြီဆိုရင် အကျဉ်းထောင် ဝန်ထမ်းတောင် အဲဒီအခန်း တွေထဲမှာ မရှိပါဘူး။ အကျဉ်းထောင်ဝန်ထမ်းကလည်း ပိတ်ထားတဲ့ အခန်းတွေရဲ့ အပြင်ဘက်ပဲ စောင့်ရပါတယ်။ ဒီတော့ သူတို့ကို ကိုယ်ထိ လက်ရောက်ရိုက်နှက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကို ကျွန်တော်က ရှင်းပြချင်တာပါ။ “ အင်းစိန်အကျဉ်းထောင်ကြီးရဲ့ အရှေ့ဘက်မှာ လမ်းမကြီးတစ်ခု၊ နောက်မှာဆိုရင် လမ်းမကြီးတစ်ခုရှိပါတယ်။ သီးသန့်အကျဉ်းထောင်ရဲ့ နောက်မှာ၊ စီအိုင်ဒီဝင်းရဲ့ နောက်မှာ၊ ရထားလမ်းရဲ့ဘေးမှာ ကားလမ်းမ ကြီးရှိတယ်။ ဒီလိုလမ်းမတွေနဲ့ နီးတဲ့အခါကျတော့ လူတွေက သူတို့ရဲ့ အမြင်တွေ၊ အကြားတွေကို တကယ်ထင်ပြီး မလိုလားအပ်တဲ့ ပြဿနာ တွေဖြစ်အောင်၊ ဘာမှမသိတဲ့သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် သူတို့ကလျှောက်ပြောတာပါ။ ဒါကြောင့် ဒီသတင်းတွေက ထွက်ပေါ် လာတယ်လို့ ကျွန်တော် ယူဆပါတယ်။

တိုက်ပိတ်တယ်ဆိုတာ သာမန်အားဖြင့် အကျဉ်းထောင်လက်စွဲမှာ ပါရှိပါတယ်။ အကျဉ်းထောင်လက်စွဲနဲ့ ကျွန်တော်တို့က ဆောင်ရွက် ရပါတယ်။ ဥပမာ-သူတို့ကို ဒါမျိုးတွေလုပ်လို့ တိုက်ပိတ်တယ်ဆိုတာမျိုး မရှိပါဘူး။ လိုလားချက်တွေကို တောင်းဆိုတဲ့ ဆူပူဆန္ဒပြတဲ့ အဖွဲ့တွေ ထဲမှာ သူတို့ရဲ့ ခေါင်းဆောင်ပိုင်း တချို့ရှိပါတယ်။ သူတို့ကို ခေါ်ပြီး လိုလားချက်က ဘာလဲ၊ ဒါကို ဥပဒေအရ ဘယ်လိုဖြေရှင်းပေးနိုင်မလဲ ဒါမျိုးညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ သူတို့ကို မတရားရိုက်နှက်တာ၊ မတရားတိုက်ပိတ်တာ ဒါမျိုးတွေ တစ်ယောက်မှ မရှိပါဘူး၊ ဒီလိုမျိုး ကျွန်တော်တို့လုပ်လည်း မလုပ်ပါဘူး။

လူသေတာနဲ့ပတ်သက်ပြီး သူတို့က လူ ၂၀ လောက် သေတယ်၊ တချို့ကလည်း လူ ၈ ယောက်လောက်သေတယ်၊ အဲဒီလိုမျိုး သတင်းတွေ ပြောပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့မှာ လူသေတာ လုံးဝမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အကျဉ်းထောင်မှာ ထိန်းသိမ်း ရတဲ့ပုံစံက ကျွန်တော်တို့ လက်ခံထားတဲ့ အကျဉ်းသား၊ အချုပ်သားတွေ အကုန်လုံး အကျဉ်းထောင်ကို ရောက်လာပြီဆိုတာနဲ့ စပြီးသူတို့ရဲ့ စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး အကုန်လုံးကို အစစအရာရာ တာဝန်ယူရပါတယ်။ ဆိုလိုတာက အသက်တစ်ချောင်း သေသွားဖို့ မပြောနဲ့ သူတို့ သာမန်နေမကောင်းဘူး၊ ကျန်းမာရေး မကောင်းဘူး၊ နှာစေးချောင်းဆိုး ဖြစ်တာကအစ ကျွန်တော်တို့က ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အဝ ပေးရပါတယ်။ ။ သူတို့ပြောတဲ့ လူသေတယ် ဆိုတာတွေက ကောလာဟလတွေပါ။ လျှောက်ပြောတာပါ။ တကယ်တမ်း သေတယ်ဆိုရင် ကျွန်တော်တို့ကို တင်ပြရပါတယ်။ ကျွန်တော်တို့ကလည်း ချက်ချင်းသတင်းပို့ရပါတယ်။ လက်ရှိဇူလိုင် ၂၅ ရက် အခြေအနေက အကျဉ်းထောင်လုပ်ငန်းတွေကို အကျဉ်းထောင်လက်စွဲအတိုင်း ပုံမှန်စနစ်တကျ လုပ်ကိုင်နေပါတယ်။ ဒါက ရုံးပိတ်ရက်ဆိုရင် ရုံးပိတ်ရက်အတိုင်း ကျွန်တော်တို့ လုပ်ကိုင်ပါတယ်။ ပြီးရင် စားသောက်မှု၊ နေထိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကလည်း အကျဉ်းထောင်ရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးနေပါတယ်။

ဆူပူမှုလုပ်တဲ့အတွက် သူတို့ကို သီးခြားအငြိုးအတေးနဲ့ အပြစ်ပေး တာတွေ၊ ဆူပူတာတွေ မရှိပါဘူး။ ဒါပေမယ့် အကျဉ်းထောင်ထဲမှာ နေတယ်ဆိုရင် အကျဉ်းထောင်ရဲ့ စည်းမျဉ်းဥပဒေအတိုင်း အကျဉ်းသား၊ အချုပ်သားနဲ့ ဝန်ထမ်းတွေကပါ နေထိုင်ရပါတယ်။ အကျဉ်းထောင်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုရင် အကျဉ်းသားဖြစ်ဖြစ်၊ အချုပ်သားဖြစ်ဖြစ်၊ အကျဉ်းထောင်ဝန်ထမ်း ဖြစ်ဖြစ် ဥပဒေနှင့်အညီ အရေးယူတာကို ခံရပါတယ်။

အောင်မျိုး