Skip to main content

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဇူလိုင် ၂၄ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီနေ့မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးကျေးဇူးတွေရှိသလဲဆိုတာကို ရှင်းပြပေးပါဦး။

ဒေါက်တာခင်ခင်ကြီး ။ ။ လက်ရှိမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုက ကမ္ဘာ တစ်ဝန်းလုံးမှာ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ရောဂါကြောင့် သေဆုံးမှုတွေ များနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဖို့လိုအပ်တဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဖို့ အားနည်းနေတဲ့ နိုင်ငံတွေမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုက များနေတာကို တွေ့ရှိရ ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက ကာကွယ်ဆေးတွေရရှိဖို့၊ မိမိနိုင်ငံသားတွေကို ထိုးနှံပေးဖို့နဲ့ အမြန်ဆုံး ကာကွယ်ပေးနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ကာကွယ်ဆေးထိုး ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ကာကွယ်နိုင်ဖို့အတွက် အရေးပါတဲ့ လက်နက်တစ်ခုလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေထိုးခြင်းဖြင့် ဘယ်လိုအကျိုး ကျေးဇူးတွေရမလဲနဲ့ ပတ်သက်ပြီး Centers for Disease Control and Prevention (CDC) ကနေထုတ်ပြန်ထားတဲ့ ကာကွယ်ဆေးတွေ ထိုးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး နှစ်ချက်ရှိပါတယ်။ နံပါတ် (၁) အချက်က ကာကွယ်ဆေးတွေ ထိုးခြင်း ဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးတွေက စိတ်ချရတယ်၊ ဘေးကင်းပါတယ်လို့ပြောထားပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် ကာကွယ်ဆေးတွေ ထုတ်လုပ်တဲ့အခါမှာ သိပ္ပံပညာကိုအခြေခံပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ် ပေါင်းများစွာ သုတေသနတွေလုပ်ခဲ့တဲ့ အစဉ်အလာတွေရှိပါတယ်။ ဒီကာကွယ်ဆေးက သိပ္ပံပညာရပ် အပေါ် အခြေခံပြီးလုပ်တဲ့အတွက်ကြောင့် ဆေးရဲ့ စိတ်ချယုံကြည်ရမှုနဲ့ အန္တရာယ် ကင်းစင်မှုက ကောင်းမွန်တယ်လို့ ပြောချင်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတယ်ဆိုတာ လူတွေမှာ စမ်းသပ်ပေးနေတာ မဟုတ်ပါဘူး။ အဆင့်လိုက် စမ်းသပ်မှုတွေနဲ့ သုတေသနပြုမှုတွေအပေါ်မှာ ကျေနပ်မှုရှိမှသာ ထိုးနှံပေးခြင်း ဖြစ်ပါတယ်။ Clinical Trial လို့ခေါ်တဲ့ လူတွေမှာ စမ်းသပ်တဲ့အဆင့်ပေါင်း (၃) ဆင့် လုပ်ရ ပါတယ်။ ဒီအဆင့်တွေကို မပြုလုပ်ခင်မှာ တိရစ္ဆာန်တွေမှာ စမ်းသပ်တာတွေ လုပ်ပါတယ်။ ဒီလို စမ်းသပ်တဲ့အခါမှာလည်း သူ့ရဲ့ အဆင့်တိုင်းမှာ ဘေးကင်းလုံခြုံမှု စိတ်ချရမှု၊ အာနိသင်ရှိမှု၊ ကာကွယ် ဆေးရဲ့ ထိုးနှံရတဲ့ပမာဏ ဒါတွေကို အသေးစိတ် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလိုမျိုး စမ်းသပ် စစ်ဆေးမှုလုပ်တဲ့အခါမှာ လိုအပ်တဲ့စစ်ဆေးမှုတွေကို ပြင်းပြင်းထန်ထန် လုပ်ပါတယ်။ နောက်ပြီး ကာကွယ်ဆေးရဲ့ အဆင့်တိုင်းမှာ ဘေးထွက် ဆိုးကျိုးတွေ ရှိ/မရှိ၊ ဆေးရဲ့ အာနိသင်ကောင်းမွန်မှု၊ စိတ်ချရမှုတွေကို အမြဲမပြတ်စောင့်ကြည့်စစ်ဆေး ပါတယ်။ ဒီလိုစောင့်ကြည့်ပြီးမှရလာတဲ့ စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်ဆေးတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးတွေရဲ့ ထုတ်လုပ်မှုစနစ်တိုင်းမှာ စိတ်ချရမှုကို စောင့်ကြပ် ကြည့်ရှုတဲ့လုပ်ငန်းကို သာမန်ဆောင်ရွက်ခြင်း မဟုတ်ဘဲ သေသေချာချာ ဂရုတစိုက် စောင့်ကြပ် ကြည့်ရှုပြီးလုပ်တဲ့ ကာကွယ်ဆေးတွေဖြစ်တဲ့ အတွက်ကြောင့် ကာကွယ်ဆေးတွေသည် စိတ်ချရပါတယ်။

နံပါတ် (၂) အချက်က ကာကွယ်ဆေးတွေသည် ထိရောက်ပါတယ်။ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု နဲ့ပတ်သက်ပြီး ကာကွယ်ဆေး ထိုးနှံခံရတဲ့သူတွေကို ကိုဗစ်ရောဂါကြောင့် ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်း၊ ဆေးရုံတက်ရောက်ရခြင်းနဲ့ သေဆုံးမှုကနေ ကာကွယ်ပေးပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်ကာကွယ် ဆေးကမှ (၁၀၀) ရာခိုင်နှုန်း ကာကွယ်မှု မပေးနိုင်ပါဘူး။ ကာကွယ်ဆေးရဲ့ ကာကွယ်ပေးနိုင်မှုက အကန့်အသတ် ရှိပါတယ်။ ဒါကလည်း ဆေးထိုးနှံခံရသူရဲ့ အသက်အရွယ်၊ ကိုယ်ခံအားနဲ့ နောက်ခံ ရောဂါအခြေအနေ၊ တခြားသော အကြောင်းအရင်းတွေ အများကြီးပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်မတို့ ရာသီတုပ်ကွေး ကာကွယ် ဆေးတွေကို နှစ်စဉ်ထိုးနှံတယ်။ ဒီဆေးရဲ့ ကာကွယ် နိုင်မှုက ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သို့သော် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံထားရင် တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုတွေကနေ အများကြီး ကာကွယ်နိုင်ပါ တယ်။

ဒီသဘောအတိုင်းပါပဲ အခုလက်ရှိဖြစ်နေတဲ့ ကိုဗစ် - ၁၉ ရောဂါသည် ရောဂါအသစ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခါမှမပေါ်ဖူးသေးတဲ့ ရောဂါ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါကို ဖြစ်စေတဲ့ SarsCoV-2 ဗိုင်းရပ်စ်သည် ရောဂါပိုးအသစ် ဖြစ်ပါတယ်။ သို့သော် ရောဂါအသစ်တွေအတွက်ထုတ်လုပ်ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေသည် အလွန်ထိရောက်ပြီး ကောင်းမွန်ပါတယ်၊ စိတ်ချရပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးနှံခံရသူတွေမှာ ပြင်းထန်စွာဝေဒနာခံစားရမှုတွေ၊ ဆေးရုံတက်ရမှုတွေ၊ သေဆုံးမှုတွေကနေ ကာကွယ်နိုင်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးက ၁၀၀ မှာ ၁၀၀ လုံး မကာကွယ်နိုင်ဘူးဖြစ်တတ် တဲ့အတွက်ကြောင့် တချို့သောသူတွေမှာ ကာကွယ် ဆေးထိုးနှံပြီးပေမယ့်လို့သာမန်လက္ခဏာတွေဖြစ်တဲ့ ဖျားတယ်၊ ချောင်းဆိုးတယ်၊ အနံ့အရသာ ပျောက်တယ် စသဖြင့် ဒီလိုမျိုးတွေ ရှိနေနိုင်ပါတယ်။ သေချာတာတစ်ခုက ကာကွယ်ဆေးထိုးနှံခံရပြီး သူမှာ ရောဂါပိုး ပြန်တွေ့တယ်ဆိုတာက တချို့သူတွေမှာ ရောဂါလက္ခဏာ ပေါ်လို့ပေါ်မှန်းတောင် မသိပါဘူး။ သူ့ကို ပိုးရှိတဲ့သူနဲ့ ထိတွေ့ခဲ့လို့ စမ်းသပ်ကြည့်လိုက် မှသာပိုးတွေ့တာမျိုးတွေ၊ သာမန်လက္ခဏာလောက်ပဲ ခံစားနေရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကို ဗစ်ရောဂါ ကာကွယ်ဆေးကို ဘာကြောင့်ထိုးနှံ သင့်သလဲဆိုတာကို သိနိုင်ပြီဖြစ်ပါတယ်။ ။

ကာကွယ်ဆေးထိုးနှံတဲ့နေရာမှာ ဘယ်လောက် အထိ ထိရောက်သလဲ၊ တစ်ကြိမ်ထိုးရင်တောင် ဘယ်လောက်အထိ ထိရောက်သလဲဆိုတာနဲ့ ပတ်သက်လို့ သုတေသနပြုလုပ်ချက်တွေမှာလည်း ရှိပြီးသားဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ  ကာကွယ်ဆေးရဲ့ အကျိုးရလဒ် အနေနဲ့ ဘယ်လောက်အထိ ထိရောက်မှုတွေ ရှိသလဲဆိုတာကို သိပါရစေ။

ဒေါက်တာခင်ခင်ကြီး ။ ။ ကာကွယ်ဆေး က ထိုးနှံပြီးပြီဆိုရင် ကာကွယ်ဆေးရဲ့ ထိရောက်မှုက တကယ့်ကို အစွမ်းရှိတယ်ဆိုတာကို သုတေသနပြုချက်တွေအရ ပေါ်ထွက်လာခဲ့ပြီး ဖြစ်ပါတယ်။ Sars-CoV-2 ဆိုတဲ့ ကိုဗစ် -၁၉ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက် နိုင်ဖို့အတွက် ကာကွယ်ဆေးတစ်ခုကို အသိအမှတ် ပြုဖို့၊ သုံးစွဲခွင့်ပြုဖို့အတွက် ကာကွယ်ဆေးတွေ ထုတ်လုပ်တဲ့အခါမှာ ကာကွယ်ဆေးရဲ့ ထိရောက်မှု ကိုလည်း အများကြီးကြည့်ပါတယ်။ ချိန်ညှိပါတယ်။ စဉ်းစားပါတယ်။

ဒီနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကနေ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေး တွေသည် တစ်ကြိမ်ထိုးပြီးရင် ၆၀ ရာခိုင်နှုန်းအထက် ကာကွယ်ပါတယ်။ နှစ်ကြိမ်ထိုးပြီးပါက ၇၀ နဲ့ ၉၀ ရာခိုင်နှုန်းကြား ကာကွယ်ပါတယ်။ သို့သော် ရောဂါကြောင့် ပြင်းထန်စွာနာမကျန်းဖြစ်မှုနဲ့ ဆေးရုံ တက်ရောက်ရမှုတွေကို ဒီကာကွယ်ဆေးတွေက ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ပါတယ်။ ဒီနေရာမှာ ကူးစက်မြန်တဲ့ ဗီဇပြောင်းပိုးဖြစ်တဲ့ “ဒယ်လ်တာ” ဗိုင်းရပ်စ်ပိုး အပါအဝင် အမျိုးမျိုးသော မျိုးဗီဇပြောင်း ပိုးတွေကိုပါ ဒီကာကွယ်ဆေးတွေက အကျုံးဝင်ပါတယ်။

ဒါဆိုရင် ကာကွယ်ဆေးတွေ ထိရောက်တယ် ဆိုတာ ကာကွယ်ဆေး ထိုးပြီးသားသူတွေကို ပြင်းထန် နာမကျန်းဖြစ်မှုတွေ၊ ဆေးရုံတက်ရောက်ရတဲ့အထိ ဆိုးရွားစွာခံစားရမှုတွေ၊ အောက်ဆီဂျင် ရှူရတာတွေ၊ သေဆုံးတာတွေကနေ ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေး ထိုးပြီးသားသူမှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က အကြောင်းကြောင်းကြောင့် ဝင်လာလို့ရှိရင် ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲရောက်ပြီဆိုရင် ပွားများဖို့ လုပ်ပါတယ်။ ဒါက ဗိုင်းရပ်စ်အနေနဲ့ သူ့ရဲ့ မျိုးရိုးဗီဇ တည်တံ့ဖို့ အတွက် ကြိုးစားမှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ ရောဂါပိုးပွား များနေပြီဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ခံအားစနစ်က ချက်ချင်းသိပြီး ရောဂါပိုး ဆက်လက်ပွားများမှ မလုပ်နိုင်အောင်၊ ပွားများနေတဲ့ ရောဂါပိုးတွေကနေ ခန္ဓာကိုယ်ကို ဒုက္ခမပေး နိုင်အောင် လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကိုယ်ခံအားစနစ် ကနေ တိုက်ထုတ်ဖို့အတွက် ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ်ပါတယ်။ ဒီပဋိဇီဝပစ္စည်းကနေ ရောဂါပိုးကို တိုက်ထုတ်ပါတယ်။ ဒါကြောင့် ရောဂါပြင်းထန်စွာ ခံစားရမှုတွေ မဖြစ်ပါဘူး။

ရောဂါပြင်းထန်စွာ မခံစားရတဲ့အတွက်ကြောင့် သာမန်ရောဂါ လက္ခဏာပေါ်ချင်မှလည်း ပေါ်မယ်။ အသင့်အတင့် ရောဂါလက္ခဏာလည်း ပေါ်ချင်ပေါ်မယ်၊ အသင့်အတင့် ရောဂါလက္ခဏာကနေ နည်းနည်းပြင်းထန်လာပေမယ့် ဆိုးရွားပြင်းထန်တဲ့ အခြေအနေ၊ အောက်ဆီဂျင်ပေးရတဲ့ အခြေအနေ တွေအထိ ရောက်ချင်မှရောက်မှာ ဖြစ်ပါတယ်။

တချို့သုတေသနတွေအရ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားတယ်။ နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးတွေဆိုရင် ဒုတိယအကြိမ်ထိုးပြီး နှစ်ပတ်အကြာနဲ့ တစ်ကြိမ်တည်းထိုးရတဲ့ကာကွယ် ဆေးတွေဆိုရင် ဆေးထိုးပြီး နှစ်ပတ်အကြာမှာ ကာကွယ်ဆေး အပြည့်အဝရရှိတယ်လို့ သတ်မှတ် ပါတယ်။ ကာကွယ်ဆေး အပြည့်အဝရရှိပြီးချိန် ကစပြီး ရောဂါကာကွယ်နိုင်မှု အာနိသင်အနေနဲ့ ကောင်းမွန်ပါတယ်။ ပြင်းထန်စွာရောဂါဖြစ်ပွားမှုနဲ့ ဆေးရုံတက်ရောက်ရမှုတွေကို ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်တယ်လို့ ပြောထားတာရှိပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးနှံထားသူက မိမိသာမက မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုပါ  ကာကွယ်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးနှံထားသူက ကာကွယ်နိုင်မှု အာနိသင်ရသွားတယ်။ ရောဂါပိုးဝင်ရောက်လာရင်တောင် ကိုယ်ခံအားနဲ့ တိုက်ထုတ်တယ်။ တိုက်ထုတ်တဲ့အတွက် သူ့မှာ ဗိုင်းရပ်စ်ပိုးကောင်ရေ ပမာဏ အများကြီးမရှိနိုင်တော့ဘူး။ ဗိုင်းရပ်စ်ပိုးကောင်ရေ အများကြီးမရှိတဲ့အတွက် သူကနေ ဗိုင်းရပ်စ်ပိုးကောင်ရေ အများကြီး မထုတ်နိုင်တဲ့အတွက်ကြောင့် သူ့ရဲ့ ဘေးပတ်ဝန်းကျင်ကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးသား တချို့တွေမှာ ကာကွယ်ဆေးထိုးနှံထားသော်လည်း ရောဂါပိုးတွေ့ရှိမှုတွေ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကာကွယ်ဆေးကမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ် နိုင်တယ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ သို့သော် ပြင်းထန်စွာနာမကျန်းဖြစ်မှု၊ ဆေးရုံ တက်ရောက်ရမှုနဲ့ သေဆုံးမှုတွေကနေ ကာကွယ် နိုင်ပါတယ်။ ဒါပေမယ့် သာမန်ရောဂါလက္ခဏာနဲ့ အသင့်အတင့်ရောဂါလက္ခဏာရှိမှုက ရှိနိုင်ပါတယ်။ ဒါကလည်း ကာကွယ်ဆေးထိုးနှံတဲ့သူရဲ့ အသက် အရွယ်၊ နောက်ခံရောဂါ ရှိ/ မရှိ၊ ကိုယ်ခံစွမ်းအား တက်မှုတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီ တဲ့အတွက် ဒါတွေကိုမူတည်ပြီး သူ့အနေနဲ့ ရောဂါ ပြင်းထန်စွာခံစားရမှု၊ အောက်ဆီဂျင်ပေးရမှုနဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်ဖို့အတွက် အခွင့်အလမ်း အလွန်နည်းသွားပါတယ်။

ကာကွယ်ဆေးတွေ မကြာမီ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ရောက်ရှိလာမယ့် ကာကွယ်ဆေးတွေ ကို ထိုးနှံသင့်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါပြင်းထန်စွာ ခံစားရနိုင်တဲ့၊ သေဆုံးနိုင်တဲ့ လူအုပ်စုတွေကို ဦးစားပေးထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကာကွယ်ဆေးရဲ့ အာနိသင်တွေကို ပြည့်ပြည့်ဝဝရရှိပြီး ကိုဗစ် - ၁၉ ရောဂါကြောင့် ပြင်းထန်စွာခံစားရမှုတွေ၊ ဆေးရုံတက်ရောက်ရမှုတွေ၊ သေဆုံးမှုတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူး တွေကို အကျဉ်းချုပ် ပြောရရင် ကာကွယ်ဆေးတွေသည် စိတ်ချရပါတယ်။ ဘေးကင်းလုံခြုံပါတယ်။ မိမိအနေနဲ့ ကာကွယ်ဆေးထိုး နှံထားရင် မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကိုလည်း ကာကွယ် နိုင်တဲ့ အာနိသင်ရတဲ့ အပြင် မိမိရဲ့ ပုံမှန်လုပ်ငန်း ဆောင်တာတွေကို ပိုပြီး ပုံမှန်အတိုင်းလုပ်ဆောင်လို့ ရပါတယ်။ ကာကွယ်ဆေးက မိမိရဲ့ ကိုယ်ခံအားကို တည်ဆောက်ဖို့ စိတ်ချရတဲ့၊ ဘေးကင်းလုံခြုံတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ဖြစ်ပြီးလို့ ကိုယ်ခံအားရတယ်ဆိုရင် သူကလည်း ကာကွယ်နိုင်တဲ့ အာနိသင်အတိုင်း အတာတစ်ခုအထိ ရရှိပါတယ်။ ဒီနေရာမှာ ဘယ် ကိုဗစ် - ၁၉ ကာကွယ်ဆေးကြောင့် ကိုဗစ် - ၁၉ ရောဂါ မဖြစ်ဘူးလို့ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ဦးစားပေးအုပ်စုတွေက အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ၊ နောက်ခံရောဂါရှိတဲ့သူတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုလုပ်နေတဲ့ ဝန်ထမ်းတွေ၊ စက်ရုံ အလုပ်ရုံတွေမှာရှိတဲ့ ဝန်ထမ်းတွေ၊ လူအုပ်စုအလိုက် စုစည်းနေထိုင်တဲ့ အကျဉ်းထောင်တွေ၊ ဘိုးဘွား ရိပ်သာတွေ စတာတွေကို ဦးစားပေးထိုးနှံပေးဖို့ အတွက် ရည်မှန်းထားပါတယ်။ ဒီလိုဦးစားပေး ထိုးနှံနိုင်မယ့် အခွင့်အရေးရတဲ့သူတွေအနေနဲ့ ကာကွယ်ဆေး ထိုးနှံခံရမယ့် အခွင့်အရေးရှိရင် အမြန်ဆုံးထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

ထက်လျှံ