နေပြည်တော် ဇူလိုင် ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ် ကုန်သွယ်ရေးစခန်းများ အနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှု များကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကော့သောင်း တို့မှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။
ဇူလိုင် ၂၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၆၇၁)လုံး ၊ Oxygen Generator (၅) ခုနှင့် Test Kit (၄၇၂၉၃) ခုတို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် အရည် (Bowser) ယာဉ် (၃) စီးဖြင့် (၅၈) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၁၆) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၇၈၅)ခု၊ နှာခေါင်းစီး (Mask) (၃၁) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများကို ကုမ္ပဏီ (၂၅)ခုမှ ယာဉ်စီးရေ (၃၇) စီးဖြင့် တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှ ၂၅ ရက်အထိ ယာဉ်စီးရေ (၄၂၅) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၃၃) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၄၀၅)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့ (အိုးဖြင့်) (၁၀၂) တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (၃၀၈၇၇)ခု၊ Test Kit (၂၄၅၈၆၈) ခု၊ နှာခေါင်းစီး (Mask) (၆၆၅) တန် ၊ Oxygen Plant (၄) ခု၊ Oxygen Generator (၁၄) ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေး ပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)