Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နေပြည်တော်အချုပ်ထောင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင်အဝင်ဝရှိ ကျန်းမာရေးစစ်ဆေး နေမှုနှင့် အချုပ်ထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများ နေ့စဉ်နံနက်ခင်းဆောင်ရွက်လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အစီအစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများနှင့်အညီ လိုက်နာလေ့ကျင့်စေရေး မှာကြားသည်။

ယင်းနောက်     ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင်စားဖိုဆောင်တွင်ထမင်း၊ ဟင်းချက်ပြုတ်နေမှု၊ အမျိုးသားအဆောင်(၁၊ ၂၊ ၃)နှင့် အမျိုးသမီး အဆောင်ကို စစ်ဆေးပြီး နေ့စဉ်ထုတ် မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများကို အဆောင်အလိုက်ထားရှိပေးရေးနှင့် အဆောင်တိုင်းတွင် ရုပ်မြင်သံကြားစက်များ အသစ်ထပ်မံ တပ်ဆင်ပေးရေးတို့ကို မှာကြားသည်။

ဆက်လက်၍ အချုပ်ထောင်ရှိ ဆေးခန်းကို စစ်ဆေးပြီး လိုအပ်သည့်ဆေးဝါးများကို ထပ်မံ တင်ပြ တောင်းခံရေး၊ အချုပ်ထောင်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိသည့် အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေး မှာကြားသည်။

ထို့နောက် အချုပ်ထောင်ရှိ စည်းကမ်းထိန်းသိမ်းရေးရုံးခန်းအတွင်း အချုပ်သား ၆ ဦး နှင့် အပြစ်ကျတရားခံ ၂ ဦးတို့ကို တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက် များကို သိရှိလိုက်နာကြရန် လိုအပ်ကြောင်း၊ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ် ဆေးများကို မြန်မာတစ်နိုင်ငံ လုံးရှိ အကျဉ်းထောင်၊ အချုပ် ထောင်များရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အချုပ်သူ၊ အချုပ်သားများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ ညွှန်ကြားစီမံမှုဖြင့် ကာကွယ်ဆေးအမြန်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုခြင်းအားဖြင့် သတင်းအမှန်များ သိရှိနိုင်မည်ဖြစ်ကြောင်းနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင်ရှိ ဝန်ထမ်း၊ မိသားစုများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များကို တိတိကျကျ၊ တင်းတင်းကြပ်ကြပ် လိုက်နာကြရန်နှင့် ဝန်ကြီးဌာန မိသားစုများ စည်းလုံးညီ ညွတ်ပျော်ရွှင်စွာနေထိုင် ကြရေး၊ လုံခြုံရေး ဂရုပြုကြရေးတို့ကို မှာကြားပြီး အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ ဆီနှင့် ခေါက်ဆွဲ ခြောက်များကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော် အချုပ်ထောင်၏ မြေလွတ်နေရာများတွင် နေပြည်တော် ပတ်ဝန်းကျင်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်များသို့ ရိက္ခာ တင်ပို့နိုင်ရေးအတွက် အသားတိုး နွားနှင့် ဥစားကြက် မွေးမြူရေး၊ မြေနေရာ ဖော်ထုတ်ထားရှိမှုနှင့် တစ်ရှူးငှက်ပျောပင် ၂၀၀၀ စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးအနေဖြင့် အချုပ်သား၊ အကျဉ်းသား၊ ဝန်ထမ်းများနှင့် တာဝန်ရှိ သူများကို တွေ့ဆုံစဉ် ကောလာဟာလသတင်းများနှင့်ပတ်သက်၍ အကျဉ်းထောင်၊ အချုပ်ထောင်များအလိုက် ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး ဆောင်ရွက်နေမှုတို့ကို ပြည်သူလူထုနှင့် အကျဉ်းသူ၊ အကျဉ်းသား၊ အချုပ်သူ၊ အချုပ်သားများ သိရှိစေရေး သတင်းမှန်ပြန်ကြားရေးကို စနစ်တကျဆောင်ရွက်ပေးရန်နှင့် လက်ရှိဆောင်ရွက်နေသည့် ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကာလ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်များတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အကျဉ်းသား၊ အချုပ်သား ၅၆၆ ဦးရှိခဲ့ပြီး ကုသ ပျောက်ကင်းသူ ၂၃၄ ဦး၊ လက်ရှိ အကျဉ်းထောင်များရှိ သီးသန့်ဆေးရုံများတွင် ကုသနေသူ ၃၁၄ ဦးနှင့် သေဆုံးသူ ၉ ဦးရှိကြောင်း သိရှိရပြီး သေဆုံးသူ ၉ ဦးမှာလည်း မူလရောဂါ အခံရှိသူများဖြစ်ကြောင်းနှင့် ကုသဆဲလူနာများတွင်လည်း သာမန် ကူးစက်မှုအဆင့်သာရှိပြီး စိုးရိမ်ရသည့် လူနာများမရှိကြောင်း သိရသည်။

(သတင်းစဉ်)