Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

နေပြည်တော်၊ ဇူလိုင် ၂၄
 
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက် ထောက်ပံ့လှူဒါန်းပေး လျက်ရှိသည်။
 
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာ များ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၄၇၆၆ လုံး၊ Mask ၃၂၄၄၈၂ ခု၊ Personal Protective Equipment(PPE) ဝတ်စုံ ၁၈၀၀ စုံ၊ Hand Gel ၇၀၃ ဘူး၊ Face Shield ၂၀၀ ခု၊ လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ လက်အိတ် Surgical Gloves ၂၀၅၀ စုံ၊ ခေါင်းစွပ် ၂၉၀၀ ခု၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အဟာရဖြည့်စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ် လှူဒါန်း သွားမည်ဖြစ်သည်။
 
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အထောက်အကူပြုပစ္စည်းများ၊ အလှူငွေများကို စေတနာရှင် အလှူရှင်များက ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ပေါင်းလောင်း ရိပ်သာဧည့်ခန်းမ၌ ဗိုလ်ချုပ် ဇော်ဝင်း(အငြိမ်းစား)က ၎င်း၏ ပင်စင်လစာငွေကျပ် သိန်း ၃၀ ကို လာရောက်လှူဒါန်းရာ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်