Skip to main content

ရန်ကုန်မြို့ပေါ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေး/ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၄
ရန်ကုန်မြို့ပေါ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေး/ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး (Zoom Meeting) ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Command Center ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က လက်ရှိဖြစ်ပွားမှု အခြေအနေအရ ကူးစက်မှုနှုန်း မြန်ဆန်ပြီး များပြားသည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့ပြင် နေအိမ်၌ အိမ်တွင်းကုသမှုခံယူရင်းဖြင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ ကို ကူးစက်နိုင်ခြေမြင့်မားကာ late referral ဖြင့် သေဆုံးမှုများလည်း ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ နိုင်နင်းစွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်အညီ ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသရေးအတွက် ဆောင်ရွက်နေကြသော ကျန်းမာရေး ဝန်ထမ်းများအတွက် လစဉ်ထောက်ပံ့ကြေးအဖြစ် ငွေကျပ် (၅၀၀၀၀) ကိုလည်း ၂၀၂၁ ခုနှစ် ဇူလိုင် လမှစတင်ကာ ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သစ်လွင်ဝန်ထမ်း သုံးထောင်ခန့်ကို ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်ဆီဂျင်များ ရရှိနိုင်ရေး စနစ်တကျစီမံခန့်ခွဲရန်နှင့် လိုအပ်ချက်ကို အနီးစပ်ဆုံး တွက်ချက်ရန် လိုအပ်ပါကြောင်း၊ တစ်နေ့လျှင် အောက်ဆီဂျင် Cylinder အလုံး(၂၀၀)ရရှိမည့် Oxygen Plant ကို ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)သို့ ထောက်ပံ့ပေးပြီးပါက ပြင်းထန်လူနာများ ပိုမိုလက်ခံကုသနိုင်ရေး အဆင်ပြေ မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဉ် တွင်ရရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် RTPCRစက်(၂)လုံးကိုလည်း မ‌ကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင်တပ်ဆင်၍ အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အောက်ဆီဂျင် ပိုက်လိုင်းများ၏လုံခြုံရေး၊ လူနာတင်ယာဉ်များ၏ ကြံ့ခိုင်ရေးကိုလည်း အမြဲစစ်ဆေးသွားရမည်ဖြစ်ပါကြောင်း၊ လူနာတင်ယာဉ်များကိုလည်း ထပ်မံထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း။
ရန်ကုန်မြို့ ပေါ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဌာန Test Centers များကို သန်လျင်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တို့၌ ဖွင့်လှစ်မည်ဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူကာ သန်လျင်၊ မင်္ဂလာဒုံမြို့နယ်များ၌ တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ Community-based COVID-19 Testing and Care ဌာနများ တိုးချဲ့သည့်အတွက် ဆေးရုံများ အနေဖြင့်လည်း အရေးပေါ်လူနာများ ပိုမိုလက်ခံနိုင်ရေး လိုအပ်လာနိုင်ပါကြောင်း၊ လူနာများများပြား လာသဖြင့် ပုဂ္ဂလိက ဆေးရုံများအားလုံး၌ လူနာများလက်ခံ နိုင်ရေးအတွက်လည်း ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၆)သန်းသည် လည်းယခုရက်ပိုင်း အတွင်း အသုတ် လိုက်ခွဲ၍ ရောက်ရှိနေပြီဖြစ်သောကြောင့် ပြည်သူလူထုကို ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးနိုင် ရန်ဆောင်ရွက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တက် ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ ကိုဗစ်-၁၉ ကုသရေးဌာနများမှ တာဝန်ခံ ဆေးရုံအုပ်/ဆေးရုံအုပ်ကြီးများက ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို တင်ပြခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)