နေပြည်တော် ဇူလိုင် ၂၄
ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေ ရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Online Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မြန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဆေးဝါးနှင့် အထာက်အကူပြု ပစ္စည်းတင်သွင်း သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ယခင်နှစ် ကလည်း တစ်နှစ်လုံး ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်မှာလည်း တတိယလှိုင်းအနေဖြင့် ပိုမိုပြင်းထန်သည့် ရင်ဆိုင်မှုနှင့် ကြုံတွေ့နေရပြီး အထူးပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူလူထု အတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုရင်ဆိုင် နေရသည့် ကိုဗစ်-၁၉ ကာလအတွင်း လိုအပ်သည့် ဆေးဝါးများအပြင် ပြည်သူလူထုအတွက် ပုံမှန်အားဖြင့် သုံးစွဲရန်လိုအပ်နေသည့် ဗီတာမင်ဆေးများ၊ ရာသီအလိုက် ဖြစ်ပေါ်တတ်သော အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများ အတွက် လိုအပ်သည့် ဆေးဝါးများ၊ ရေရှည်သုံးစွဲ ရသည့် နှလုံး၊ ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါများ အတွက် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး စဉ်ဆက်မပြတ်တင်သွင်း နိုင်ရေးအတွက်နှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ပင်လယ် ရေကြောင်း ဆိပ်ကမ်းများနှင့် လေဆိပ်များသို့ ရောက်ရှိပြီးဖြစ်သည့် အရေးကြီးလိုအပ်လျက်ရှိ သည့် ဆေးဝါးများ ကုမ္ပဏီများမှ အမြန်ဆုံးထုတ်ယူနိုင်ရေးနှင့် ထုတ်ယူပြီးဖြစ်သည့် ဆေးဝါးများ ကို ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောက်ရှိစေရေး၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးအသီးသို့ ဖြန့်ခွဲရောင်းချပေးနိုင်ရေး အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့ များနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မြန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့က သက်ဆိုင်ရာနိုင်ငံများတွင် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ထုတ်လုပ် ဖြန့်ဖြူးရောင်းချခွင့်ရရှိထားသည့် ဆေးဝါးနှင့်အထောက် အကူပြု ပစ္စည်းများ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ Zinc နှင့်ပတ်သက်သည့် ဆေးဝါးများ တင်သွင်းရာတွင် One Time Permit ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေး၊ အရေးကြီးလိုအပ်နေသည့် ဆေးဝါးများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ စင်းလုံးငှား လေယာဉ်များဖြင့် သယ်ယူ တင်သွင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်း တင်သွင်း ရောင်းချလျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ တင်သွင်းရန်အတွက် Online ဖြင့် လိုင်စင်လျှောက်ထားမှုများကို အများပြည်သူရုံးပိတ်ရက် များတွင်လည်း သွင်းကုန်လိုင်စင်ခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)