ကိုဗစ်-၁၉ ကပ်ရောဂါမှာ တစ်ကမ္ဘာလုံး အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း ကိုဗစ်-၁၉ ရောဂါ အရှိန်အဟုန်ဖြင့်ဖြစ်ပွားလျက်ရှိရာ ပြည်သူများ ရောဂါ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အပြင်းအထန်ရုန်းကန် ကြိုးစားနေကြသည်။ ကပ်ရောဂါ မှာ တစ်ကမ္ဘာလုံးကြုံတွေ့ နေရသော ပြဿနာ ဖြစ်ပေါ်နေရာမြန်မာနိုင်ငံအနေဖြင့်မူ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် နည်းပါးနေခြင်း အခက်အခဲပြဿနာများ အဓိက ရင်ဆိုင်နေရသည်။
ကျန်းမာရေးဝန်ထမ်းများမှာ နိုင်ငံရေးကို အကြောင်းပြု၍လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ၎င်းတို့နှင့်သက်ဆိုင်သော ကျန်းမာရေးဌာနများနှင့် ကင်းကွာလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံအနှံ့ရှိ ကျန်းမာရေး ဌာနများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို တာဝန်သိသော ကျန်းမာရေး ဝန်ထမ်းများ အလွန်နည်းပါးစွာဖြင့် ရင်ဆိုင် ဖြေရှင်းနေရသည်။ တာဝန်သိသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါဝေဒနာရှင် များအား ရှိသည့်အားနှင့် မနိုင်ဝန်ထမ်းနေရသောကြောင့် အရေးပါသည့် ကျန်းမာရေး ဝန်ထမ်း များ ရောဂါကူးစက်မှုမရှိစေရေးသာမက လုံခြုံရေးအတွက်ပါ အထူးသတိထား ဆောင်ရွက် နေရသည်။
ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သော ကူးစက်ရောဂါကာကွယ်ရေး ပစ္စည်းများ၊ လိုအပ်သောဆေးဝါးများ ပြတ်တောက်မှုမရှိစေဘဲ လိုအပ်သည်များကို အစဉ်သဖြင့် ရရှိစေရန် ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျှောက် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ကူးစက် ရောဂါ ကာကွယ်ရေးတွင် အရေးပါသည့်ကာကွယ် ဆေးထိုးခြင်းကို ကျန်းမာရေး ဝန်ထမ်း များအား ဦးစားပေးထိုးနှံပေးနေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စီမံချက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် လူဦးရေ ၁ ဒသမ ၇ သန်းအား ကာကွယ်ဆေးထိုးပေးခဲ့ပြီး ထပ်မံ ရရှိသော ကာကွယ်ဆေးများဖြင့် ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံမှုအတွက် လျာထားရည်မှန်းချက် လူဦးရေ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးပေး နိုင်ရန် ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံရှိပြည်သူများ ကပ်ရောဂါကင်းဝေးရေးအတွက် လိုအပ်သည့် ကာကွယ်ဆေးများ ရရှိအောင် ကူညီလှူဒါန်းပေးခဲ့ကြသော အိန္ဒိယ၊ တရုတ်၊ ရုရှား မိတ်ဆွေနိုင်ငံများအား အထူး ကျေးဇူးတင်ရှိရမည်ဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ပြည်သူများ ခံစားနေရချိန်တွင် စေတနာရှေ့ထား၍ ဆောင်ရွက်ပေးခဲ့ကြပါသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ၊ စေတနာရှင် အလှူရှင်များ၊ မိတ်ဆွေနိုင်ငံများအား နိုင်ငံတော်နှင့်အတူ ပြည်သူများက အသိအမှတ်ပြုကြရမည်ဖြစ်သည်။ ပြည်သူများ ကပ်ရောဂါဘေးကြောင့် ဒုက္ခ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ပြည်သူများ၏အသက်အန္တရာယ်နှင့် ကျန်းမာရေး ကို အလေးမထားဘဲ နိုင်ငံရေးစိတ်ခံစားချက်များဖြင့် ကဖျက်ယဖျက် ဖျက်လိုဖျက်ဆီး နှောင့်ယှက်ဟန့်တားနေကြသူများအား ရှုတ်ချရမည်ဖြစ်သည်။
ယခုအခါတွင် ပြည်သူလူထုကြား၌ ရောဂါနှင့်ဆက်စပ်ပတ်သက်၍ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ အောက်ဆီဂျင်လိုအပ်မှုပြဿနာများ မြင့်မားစွာဖြစ်ပေါ်လျက်ရှိသည်။ နေ့စဉ်နှင့်အမျှ အောက်ဆီဂျင်ရရှိရေးကို ပြည်သူများ အလုအယက်ကြိုးပမ်း နေကြသည်။ ယင်းအခြေအနေတွင် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ အောက်ဆီဂျင်သယ်ဆောင်နိုင်ရေးကို ကူညီ ဆောင်ရွက်ပေးသော အစိုးရများအားလည်း ကျေးဇူးတင်ရမည်ဖြစ်သည်။ သို့သော် အောက်ဆီဂျင်ရရှိရေးကို နှောင့်ယှက်ဟန့်တား မလိုလားဖျက်ဆီးနေသူများနှင့် အောက်ဆီဂျင် လိုအပ်မှုကို မတော်လောဘဖြင့် စီးပွားရှာနေကြသူများကိုလည်း ကန့်ကွက်ရမည်ဖြစ်သည်။ ယခုအခါ မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံများတည်ဆောက်ရေးအတွက် ကူညီလှူဒါန်း ဆောင်ရွက်ပေးနေသူများအား အသိအမှတ်ပြုကြရမည်ဖြစ်သည်။
ယနေ့အရေးသည် ပြည်သူအားလုံး၏အရေးဖြစ်၍ ပြည်သူများလိုအပ်ချက်ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သောစိတ်ထားထားရှိခြင်း ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံတွင် ရောဂါကပ်ဘေးကို ပြည်သူများရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် နိုင်ငံရေးခံယူချက်များ၊ ပုဂ္ဂိုလ်ရေးနှင့် သက်ဆိုင်သည့် လိုလားမှု၊ မလိုလားမှုများကို ဘေးဖယ်ထားသင့်သည်။ ပြည်သူများကျန်းမာရေးကို စိတ်ရင်းမှန်စွာဖြင့် ဆောင်ရွက်ခြင်းသည်သာ မွန်မြတ်သော လူသားအဖြစ် ဂုဏ်သိက္ခာရှိရှိ ခံယူနိုင်မည်ဖြစ်သည်။ ယမန်နှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် ပါဝင်ဆောင်ရွက်ခဲ့ကြသူများသည် ယနေ့ကာလတွင်လည်း စေတနာရှေ့ထား ဆောင်ရွက်ပေး သင့်ပါသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဘေး တတိယလှိုင်းဖြစ်ပေါ်နေစဉ်တွင် ပြည်သူများမှာ မိမိတို့ အသက်အန္တရာယ်၊ ကျန်းမာရေးအတွက် အားကိုးအားထားပြုရ မည့်သူများနှင့် လိုအပ်ချက် များကို အထူးမျှော်လင့်လျက်ရှိရာ ပြည်သူများအရေးကို အခြားအရေးများနှင့်မရောယှက်ဘဲ စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ဝိုင်းဝန်းလက်တွဲကူညီ ဆောင်ရွက်ပေးနိုင်ရေး အထူးလိုအပ် လျက်ရှိပါကြောင်း။ ။