Skip to main content

မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာ၊ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၏ ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်တွင် အသုံးပြုသည့် Medical Oxygen များကို ပိုက်လိုင်းများကို မသမာသူများက ဖျက်ဆီးခြင်းများ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၂၂

       

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ (တတိယလှိုင်း) စတင်ကူးစက်ပြန့်ပွားမှု မရှိသေးမီ ကာလကပင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို အလေးထား ဆောင်ရွက်ခဲ့သည်။ ရောဂါစတင်ကူးစက်မှု ဖြစ်ပွားလာသည့်အချိန်တွင်လည်း ရောဂါ ကူးစက် ဖြစ်ပွားမှုနှုန်းကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များ ချမှတ်၍ ပြည်သူလူထုအား အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်း၊ အတည်ပြုလူနာများနှင့် သံသယလူနာများ အား ထားရှိရန် Quarantine Center များကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်၍ ကုသမှုများ ဆောင်ရွက် ပေးခြင်း၊ အတည်ပြုလူနာများ၏ အောက်ဆီဂျင်လိုအပ် ချက်အား ပြည့်ဝစွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်တွင်း ထုတ်လုပ်မှု တိုးမြှင့်ခြင်း သာမက ပြည်ပမှ မှာယူတင်သွင်းခြင်း၊ ကာကွယ်ဆေးများ မှာယူတင်သွင်းခြင်း၊ ကုသဆေး များကို မှာယူ၍ ကုသမှုများကို ဆောင်ရွက် ခြင်းစသည်တို့ကို အားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် အကြမ်းဖက်လူတစ်စု၏ နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှု၊ CDM လှုပ်ရှားမှု တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းအချို့၏ တာဝန်ထမ်း ဆောင်ရန် ပျက်ကွက်မှု စသည့်အခက်အခဲ များကြားမှ ပြည်သူလူထု၏ အသက် အန္တရာယ်ကို ကာကွယ်ထိန်းသိမ်းပေးနိုင်ရေးအတွက် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် တာဝန်သိ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ စေတနာဝန် ထမ်းများ၊ တပ်မတော်မှ တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များဖြင့် နေ့မအား၊ ညမနား ကြိုးပမ်း၍ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်မှုများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက် လျက်ရှိသော်လည်း NUG ၊ CRPH အပါအဝင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ထောက်ခံသော မသမာသူအချို့အနေဖြင့် ၎င်းတို့ ၏ နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေရန်အတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိရာ ကိုဗစ်- ၁၉ အတည်ပြုလူနာများကိုပင် သေကြေသည်အထိ ပစ်မှတ်ထား ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ မြောက်ဉက္ကလာ၊ အထွေထွေ ရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၏ ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်တွင် အသုံးပြုသည့် (၁၀)တန်ဆံ့ Liquid Oxygen သိုလှောင်ကန်မှ ထွက်ရှိလာသော Medical Oxygen များကို ပိုက်လိုင်းများဖြင့် အောက်ဆီဂျင်ဖြန့်ဝေ၍ ဆောင်ရွက်ပေးလျက်ရှိရာ မသမာသူ များက ၎င်းပိုက်လိုင်းများအနက် အထူးကြပ်မတ်ကုသဆောင်သို့ ပေးအပ်ထား သော ၁ ဒသမ ၂၅ လက်မရှိ အောက်ဆီဂျင်ပိုက်လိုင်းအား ကာရံထားသည့် အင်္ဂတေအုတ်ခုံနှင့် ပိုက်လိုင်းကို ဇူလိုင် ၁၉ ရက်နေ့တွင် ထုရိုက်ဖျက်ဆီးခဲ့ ကြသည်။

ထိုကဲ့သို့ ထုရိုက်ဖျက်ဆီးခဲ့မှုကြောင့် လူနာများအား အောက်ဆီဂျင်ပေးဝေ မှုကို ၂၅ ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်နိုင်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့၏ အသက် ကို ထိခိုက်စေခဲ့သည်။ ထိုကဲ့သို့ ထိခိုက်စေခဲ့မှုအပေါ် ယနေ့တွင် တာဝန်ရှိသူများ က ပိုက်လိုင်းနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပြီး လူနာများ ထပ်မံထိခိုက်ဆုံးရှုံးမှု မရှိစေရေး အတွက် ပိုက်လိုင်းအသစ်အား ထပ်မံ ပြုလုပ်၍ အောက်ဆီဂျင်ပေးဝေခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းမှစတင်၍ မူလအတိုင်း ရာခိုင်နှုန်းပြည့် ပြန်လည်ပေး ဝေနိုင်ပြီးဖြစ် ကြောင်း သိရှိရသည်။

ထိုသို့ NUG ၊ CRPH အပါအဝင် အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကို ထောက်ခံသော မသမာသူအချို့၏ လုပ်ရပ်ကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်အောင် ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူလူထုက လွန်စွာစက်ဆုတ်ရွံရှာလျက်ရှိပြီး ထိုကဲ့သို့ ဆောင်ရွက်ခဲ့ သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး ပြည်သူလူထုများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ရန် မေတ္တာရပ်ခံအပ်ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်