နေပြည်တော် ဇူလိုင် ၂၂
ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ပေါ်လာသည့် အတွက် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ ပြန်လည် မြင့်တက်လာ ရခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း တိုးတက်လာရခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွေ့ရှိချက် လေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
နံပါတ် ၁ အချက်သည် ကိုဗစ်-၁၉ရောဂါကိုဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲများ ဖြစ်ပေါ်လာမှုသည် ရောဂါဖြစ်ပွားမှုမြင့်တက်နေရခြင်း၏ ပထမဦးဆုံး အကြောင်းရင်း တစ်ရပ် ဖြစ်သည်။
နံပါတ် ၂ အချက်နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် အချိန်ကာလ တစ်နှစ်ခွဲ ဝန်းကျင်ခန့် ရှိပြီဖြစ်ရာ လူအများက ငြီးငွေ့လာကြပြီး တစ်ယောက်နှင့် တစ်ယောက် ထိတွေ့မှု Contact Person များလာခြင်းသည် အခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြား လာခြင်း၏ ဒုတိယအချက်ဖြစ်သည်။ ထို့ပြင် တတိယအချက်အနေဖြင့် လူအများက ကိုဗစ်-၁၉ နှင့်ယဉ်ပါးသလိုဖြစ်လာ ပြီး ဘေးဥပဒ်ဖြစ်နိုင်မှု၊ အန္တရာယ်ပေးနိုင်မှုကို လျှော့တွက်လာကြခြင်း၊ ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရန်လိုက်နာရမည့် စည်းကမ်း ချက်များကို လိုက်နာမှုအားနည်း ခြင်း၊ ကာကွယ်ဆေး ထိုးနှံရန်ပျက်ကွက်ခြင်းများ ကြောင့်ဖြစ်ပြီး စတုတ္ထအချက်သည် ကာကွယ်ဆေးရရှိမှု မညီမျှခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက် လာရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအချက်များနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက “ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးဖို့လိုအပ်တဲ့နိုင်ငံတွေက ကာကွယ်ဆေး ရဖို့မှာ အတားအဆီး ဖြစ်ပါတယ်။ ရရှိမှုအားနည်းနေတဲ့အချိန်မှာ ကိုဗစ်-၁၉ ကြောင့် ရောဂါ ဖြစ်ပွားတဲ့အခါ အသက်ကြီးတဲ့သူတွေ၊ ရောဂါနောက်ခံရှိတဲ့သူတွေမှာ ရောဂါပိုးကူးစက်ခံရ ပြီဆိုရင် သေဆုံးမှုကပါနောက်က တစ်ပါတည်းလိုက်ပါတယ်ဆိုတာကို သိစေချင်ပါတယ်။
ဒါဆိုရင် ကာကွယ်ဆေးဟာ ဘယ်လောက်အထိ အရေးပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ဟာဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို သတိပြု မိမယ်ထင်ပါတယ်”ဟု ဆိုသည်။
ထက်လျှံ