Skip to main content

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးရန် စီစဉ်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၂

မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြည်သူလူထုကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ အဆိုပါကာကွယ်ဆေးကို နိုင်ငံအတွင်းရှိ အသက် ၁၈ နှင့်အထက် အသက်အရွယ်ရှိသူများကို ဦးစားပေးလူအုပ်စုများသတ်မှတ်၍ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီကာကွယ်ဆေးက ကိုဗစ်ရောဂါပိုးကို အားပျော့အောင်၊ အားနည်းအောင်၊ ချည့်နဲ့အောင်၊ လူကိုအန္တရာယ်မပေးနိုင်အောင် ပြုလုပ် ထားတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။ ဒီဆေးရဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်စွမ်းကို သိရှိနိုင်ဖို့အတွက် နိုင်ငံအတော်များများမှာ စမ်းသပ် မှုအဆင့် (၃) အထိ ပြုလုပ်ထားပြီးဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဖြေကြားထားသည်။

Sinopharm ကာကွယ်ဆေးသည် China National Biotec Group Company Limited(CNBG)က ထုတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ၎င်းကို ၂၁ရက်ခြား၍ နှစ်ကြိမ်ထိုးနှံခဲ့သူများ ကို ပျမ်းမျှ ၁၁၂ ရက် စောင့်ကြည့်သည့်အခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နှင့်ရောဂါပြင်းထန်မှုကိုထိရောက်စွာကာကွယ်နိုင်မှုအာနိသင်၉ရာခိုင်နှုန်း ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ယခုအခါလူဦးရေ၏၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေး ထားပြီး ပြည်သူလူထုအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများကို လှူဒါန်းရရှိမှုများ၊ မှာယူမှုများဖြင့် အဆက် မပြတ်တင် သွင်းလျက် ရှိကြောင်း သိရသည်။

ထက်လျှံ