Skip to main content

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် Oxygen Plant နှင့် Oxygen Concentrator များကို လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၂

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေပဲ အမြန်ဆုံး ဝင်ရောက်နိုင်ရေးအတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပင်လယ် ရေကြောင်းဆိပ်ကမ်းများနှင့် ထိုင်းနိုင်ငံဘက်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မောတောင်တို့မှလည်းကောင်း၊ တရုတ်နိုင်ငံဘက်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိ သည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများကို ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူအလုပ်ပိတ်ရက်ရှည် အဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း၌လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများသည် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။


ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၂၉၆၈)လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှ  Oxygen Plant (၄) ယူနစ်ကို မော်တော်ယာဉ် (၄)စီးဖြင့်လည်း ကောင်း၊ အောက်ဆီဂျင်အရည်  (Bowser) ယာဉ်(၁)စီးဖြင့် တန် (၂၀) ၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၇၇) တန်၊  အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၃၇၂၈) ခု၊ နှာခေါင်းစီး (Mask) (၉၂) တန် ၊ လက်အိတ် (၇) တန်နှင့် Oxygen Generator (၂) လုံး တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများ အား ကုမ္ပဏီ (၂၉)ခုမှ ယာဉ်စီးရေ (၄၄) စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ် ပစ္စည်း များကို ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိရာ ဇူလိုင်၁၂ ရက် မှ ၂၂ ရက်အထိ မော်တော်ယာဉ် (၂၉၈)စီး၊ အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၀၇) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၂၄၈)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့ (အိုးဖြင့်) (၆၂) တန်၊ အိမ်သုံး အောက်ဆီဂျင် စက် (၂၁၁၇၄) ခု၊ Test Kit (၁၃၄၅၀၀) ၊ နှာခေါင်းစီး (Mask) (၅၄၂) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။


ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ မြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူ အညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ် သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


(သတင်းစဉ်)