Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမဏိရတနာကျောက်စိမ်းခန်းမတွင် ဖွင့်လှစ်ဆောင်ရွက်မည့် ကိုဗစ်-၁၉ Positive Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၂၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ယနေ့ ညနေ၄နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ဖွင့်လှစ် ဆောင်ရွက်မည့် ကိုဗစ်-၁၉ Positive Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ အတည်ပြု လူနာများ ထားရှိရန် ခုတင် ၁၅၂၆လုံး ပြင်ဆင်လျက်ရှိရာ အမျိုးသမီးဆောင် အဖြစ် ခုတင်(၆၁၆)လုံး၊ ခန်းမဘေးရှိ ကျောက်စိမ်းပြခန်းများတွင် နယ်မြေ (၁၊၂) သတ်မှတ်ပြီး အမျိုးသားဆောင် အဖြစ် နယ်မြေ(၁)တွင် ခုတင် (၆၅၇)လုံး ၊ နယ်မြေ(၂)တွင် ခုတင် (၂၅၃)လုံး ထားရှိမည် ဖြစ်သည်။

နေပြည်တော်တွင် အထူးကုဆေးရုံကြီး(၅)ရုံ နှင့် ပြည်သူ့ဆေးရုံ(၁၇)ရုံတို့တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေသည့် ပြည်သူများကို အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ကိုဗစ်ရောဂါ ဖြစ်ပွားနေသည့် ပြည်သူများကို စည်ပင်ဧည့်ရိပ်သာ (၁)(၂)နှင့် လယ်ဝေး အားကစားကွင်း၌ ကုသပေးလျက်ရှိပြီး မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ်-၁၉ Positive centre ထားရှိရေး ဆောင်ရွက်လျက်ရှိသည်။ ပျဉ်းမနား မြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးတွင် Contact Person centre ဆောင်ရွက်ထားပြီး အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် Quarantine Centreဖွင့်လှစ်ထား ရှိကာ Jade city Hotel ၊ ဇမ္ဗူသီရိဟိုတယ်၊ နယူးဧရာ ဟိုတယ်နှင့် ရွှေပြည်တော်ဟိုတယ်များတွင် Facility Quarantine Centre များကို ဆောင် ရွက်ထားရှိ ကြောင်းသိရသည်။

(ခရိုင်ပြန်/ဆက်)