Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အရှေ့တောင်အာရှနိုင်ငံများ ကျန်းမာရေးဝန်ကြီး များ၏ တစ်နှစ်အကြာ ကိုဗစ်-၁၉ရောဂါတုံ့ပြန်ရေး ၂၀၂၁ အထူးဗီဒီယိုကွန်ဖရင့် သို့ တက်ရောက် ဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တစ်နှစ်အကြာ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး ၂၀၂၁ အထူးဗီဒီယို ကွန်ဖရင့် Special VIDEO Conference of the 2021 ASEAN Health Ministers on “ASEAN COVID-19 Response after One Year” ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ တက်ရောက်ဆွေးနွေးသည်။ အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ တစ်နှစ်အတွင်း ဒေသတွင်း ဆိုင်ရာ ကျန်းမာရေးနှင့် သက်ဆိုင်သော ကိုဗစ်-၁၉ တုံ့ပြန်ရေး အဓိကအချက်များ နှင့်စပ်လျဉ်း ၍ အဖွင့်အမှာစကားပြောကြားပြီး အာဆီယံအတွင်းရေးမှူးချုပ်မှ တစ်နှစ်အတွင်း ဒေသတွင်း ဆိုင်ရာ ကိုဗစ်-၁၉ တုံ့ပြန်ရေး အဓိကအချက်များနှင့်စပ်လျဉ်း၍ အမှာစကားပြော ကြားသည်။ ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အပြည်ပြည်ဆိုင်ရာ နှင့် ဒေသတွင်းဆိုင်ရာ လက်ရှိအခြေအနေများ၊ ဒေသတွင်းနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော SARS-CoV-2 မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်စဉ်များနှင့် အဓိကအကြံပြုချက်များ ဆွေးနွေးပြော ကြားသည်။ ယင်းနောက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီး များသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစီမံကိန်း၊ SARS-CoV-2 မျိုးရုံးဗီဇပြောင်းလဲမှု စဉ်ဆက်မပြတ် စောင့်ကြည့်ရေး အစီအစဉ်များအပါအဝင် ကိုဗစ်-၁၉ တုံ့ပြန်ရေးဆောင်ရွက် ချက်များနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတစ်ခုချင်းဆီအလိုက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ၌အဓိကရင်ဆိုင်လျက်ရှိသော ပြဿနာမှာ ကျန်းမာ ရေးလူ့စွမ်းအားများ နည်းပါး နေခြင်းဖြစ် ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများမှာ အကြောင်း အမျိုးမျိုးကြောင့် ၎င်းတို့နှင့် သက်ဆိုင်သော ကျန်းမာရေးဌာနများမှ ကင်းကွာလျက်ရှိကြောင်း၊ နိုင်ငံအနှံ့ ကျန်းမာရေးဌာန များမှာ ကိုဗစ်-၁၉ တတိယလှိုင်းကို ကျန်းမာရေးဝန်ထမ်း အလွန် နည်းပါးစွာဖြင့် ရင်ဆိုင် ဖြေရှင်းနေရပါကြောင်း။ မိမိတို့အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်မှုမရှိ စေရေး၊ လုံခြုံရေးကို အဓိကထား ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးဝန်ထမ်း များအတွက် လိုအပ်သော ကူးစက်ရောဂါ ကာကွယ် ရေးပစ္စည်းများ ပြတ်တောက်မှုမရှိဘဲ ရရှိစေရေးကို ကပ်ရောဂါ ဖြစ်ပွားမှု ကာလတစ်လျောက် ဦးစားပေးဆောင်ရွက်ကြောင်း၊ ကာကွယ်ဆေး ထိုးခြင်းတွင် လည်း ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး၍ ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ကြောင်း။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစီမံချက်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် လူဦးရေ ၁ ဒသမ ၇သန်း အား ကာကွယ် ဆေးထိုးပေးခဲ့ပြီး ထပ်မံရရှိသော ကာကွယ် ဆေးများဖြင့် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု အတွက် လျာထားရည်မှန်း လူဉီးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများ ရရှိရန်အတွက် ကူညီ ဆောင်ရွက်ပေးကြ၍ ကာကွယ်ဆေး လှူဒါန်း ပေးခဲ့ကြပါသော အိန္ဒိယနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားနိုင်ငံတို့ကို ကျေးဇူးတင် ရှိပါကြောင်း။ ထို့အပြင် COVAX facility မှ ကာကွယ်ဆေးများရရှိရေးအတွက် WHO၊ UNICEF တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တွင် ကိုဗစ်-၁၉ တတိယလှိုင်း ရင်ဆိုင်နေရသည့် အတွက် အဆိုပါ ကာကွယ်ဆေးများကို အလျင်အမြန်ရရှိရန် မျှော်လင့်ပါကြောင်း၊ SARS CoV-2 variants မျိုးရိုးဗီဇကွဲများဖြစ်ပေါ်မှု အခြေအနေများကို မြန်မာနိုင်ငံတွင်း စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး နိုင်ငံ၏အချို့ ဒေသများတွင် Alpha, Beta, Kappaနှင့် Delta variants များအား တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ စောင့်ကြပ်ကြည့်ရှုမှုများကို ဆက်လက် လုပ် ဆောင်သွား မည်ဖြစ်ပြီး ကပ်ရောဂါ တုံ့ပြန်မှုများအား အချိန်နှင့်တစ်ပြေးညီ ထိရောက် စွာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့လည်း နောက်ဆုံး ရရှိသောသတင်း အချက်အလက် များအား မျှဝေသွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအတွင်း အရေးပေါ် လိုအပ်လျက်ရှိသော Liquid အောက်ဆီဂျင်များကို ထိုင်း-မြန်မာနယ်စပ် ဖြတ်ကျော်သယ်ဆောင် နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးပါသော ထိုင်းနိုင်ငံ ဆိုင်ရာ အစိုးရအဖွဲ့များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့သည် အာဆီယံပဋိညာဉ် စာချုပ်အတိုင်းအာဆီယံအဖွဲ့ဝင် နိုင်ငံများ နှင့်ပူးပေါင်း ဆောင်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါအား အာဆီယံစိတ်ဓါတ်ဖြင့် တိုက်ဖျက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွေ့ကြုံနေရသော အခက်အခဲ များအားသင်ခန်းစာယူ၍ ကပ်ရောဂါ နောက်ပိုင်း ကာလများတွင် ပိုမိုကောင်းမွန်သော ကျန်းမာရေးစနစ်များအား တည်ဆောက်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်း လိုကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများနှင့်ပတ်သက်၍ အာဆီယံ Portal စတင်မိတ်ဆက်ခြင်းအစီအစဉ်ကို ပြုလုပ်သည်။ ထို့နောက် ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပတ်သက်၍ အာဆီယံ ပူးတွဲကြေငြာချက်ကို အတည်ပြုနိုင်ခဲ့ပြီး အာဆီယံ ဒုတိယဥက္ကဋ္ဌ လာအိုပြည်သူ့သမ္မတ နိုင်ငံနှင့် ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံတို့မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)