နေပြည်တော် ဇူလိုင် ၂၁
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းသည် ဇွန်လလယ်မှ စတင်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့၏ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများကို သုတေသနပြု နှိုင်းယှဉ်ရာတွင် တတိယလှိုင်းတွင် ကူးစက်ဖြစ်ပွားမှုနှုန်းသည် များပြားမြန်ဆန်ပြီး ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအနေဖြင့် လူဦးရေသန်း၁၉၀ ကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ဇူလိုင် ၁၉ ရက်အထိ နှစ်သိန်းကျော်ရှိပြီဖြစ်သည်။
ထို့ကြောင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိတစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုဘဲ မိမိတို့၏နေအိမ် သို့မဟုတ် အဆောင်များတွင် နေထိုင်ခြင်း၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်မှ အပ ခရီးမသွားရန်နှင့် မိမိအိမ်တွင် မိမိနေထိုင်ခြင်း၊ မိမိအိမ်သို့ မလိုအပ်ဘဲ ဧည့်သည်လက်မခံခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်သွားရန် သတင်းထုတ်ပြန်ထားသည်။
“လူတစ်ဦးနဲ့တစ်ဦး ကူးလူးဆက်ဆံမှုတွေကနေတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ က အဆင့်ဆင့် ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် လူတွေက ကိုယ့်အိမ်ထဲမှာ သီးခြားနေထိုင်ကြမယ်ဆိုရင် ရောဂါဖြစ်ပွားမှု ကွင်းဆက်တွေကို ဖြတ်တောက်နိုင်မယ်။ ရောဂါဖြစ်ပွားခဲ့မယ် ဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဖြစ်ပွားတဲ့မိသားစု တစ်စုကို စနစ်တကျ ပြုစုစောင့်ရှောက်နိုင်မယ်။ ရောဂါဆက်တိုက် ကူးစက်ဖြစ်ပွားနေမှုကို ဦးချိုးနိုင်မယ်။ ဒါက အလွန်ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းတက်နေတဲ့ ဒီအချိန်မှာ မိမိအိမ်မှာနေခြင်းဟာ အကောင်းဆုံး ရောဂါကာကွယ်ထိန်းချုပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်” ဟု Stay Home နေထိုင်ခြင်းဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို အကျိုးရှိထိရောက်စေနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုသည်။
တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောရန်၊ အခြားသူများနှင့် ခြောက်ပေအကွာ ခပ်ခွာခွာနေရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးဝယ်ယူခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူများအား အသိပေး နှိုးဆော်ထားသည်။
ထို့ပြင် အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများ သယ်ဆောင်လာခြင်းမရှိစေရေး သတိပြုရန်၊ အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်းနှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ စနစ်တကျ ပူးပေါင်းပါဝင် ပေးကြရန်လည်း အသိပေး ကြေညာထားသည်။
ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အချိန်တို အတွင်း ထိရောက်အောင်မြင်၍ ယခုဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်မည် ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ပြည်သူများအား တိုက်တွန်းနှိုးဆော်ထားသည်။
ထက်လျှံ