Skip to main content

ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းတွေ၊ ညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်

 

ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့ ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာမင်းနိုင်ကျော်အား ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ဇူလိုင်လ ၁၇ ရက် နေ့က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

 

မေး။ ။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေရှိလာရင် ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲ ခင်ဗျာ။

 

ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါလို့ ယူဆရတဲ့လက္ခဏာ တွေခံစားလာရလို့ရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျန်းမာရေးမှူးနဲ့ ကျွန်တော်တို့ကို အသိပေးဆက်သွယ်ပေးစေ လိုပါတယ်။

 

မေး။ ။ ကိုဗစ်-၁၉ ရောဂါသံသယလူနာတွေကို ရောဂါ ပိုးရှိ၊ မရှိ ဘယ်လိုစစ်ဆေးပေးနေ ပါသလဲ။

 

ဖြေ။ ။ မအီမှာ အခုလက်ရှိတတိယလှိုင်းမှာတော့ RTK Testing နဲ့စစ်ဆေးနိုင်ခြင်း တော့မရှိသေးပါဘူး။ ဒုတိယလှိုင်းမှာတုန်းကတော့ RTK Testing နဲ့ လူနာ ၆၀ ကျော်ကိုလက်ခံကုသ ခဲ့ပါတယ်။ RTK Testing ကိုလည်း ရနိုင်အောင် ကြိုးစားနေပါတယ်။ ရလာရင်တော့ ဒီမှာစစ်ဆေး နိုင်မှာဖြစ်ပါတယ်။

 

မေး။ ။ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ပြီဆိုရင် ဘယ် လိုဆောင်ရွက်ပေးနေပါလဲ ခင်ဗျာ ။

 

ဖြေ။ ။ ကိုဗစ်-၁၉ရောဂါရှိနေပြီလို့ သံသယရှိရင် မြို့နယ်ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ကို ဆက်သွယ်ဖို့ လိုပါမယ်။ ညွှန်ကြားချက်များနဲ့ အညီ ဆောင်ရွက်ပေးနေပါတယ်။

 

မေး။ ။ ပိုးတွေ့ လူနာတွေအတွက် ကျန်းမာရေး ဌာနရဲ့ ဆောင်ရွက်ပေးနေမှု၊ စီစဉ်ဆောင် ရွက်ထားရှိမှု အခြေအနေနဲ့ Quarantine Center တွေထားရှိမှုကို ဘယ်လိုလျာထားပါသလဲ။

 

ဖြေ။ ။ လက်ရှိအနေအထားမှာတော့ မအီပြည်သူ့ ဆေးရုံမှာ Positive အတည်ပြု လူနာတစ်ဦး ကိုသီးသန့်နေရာ သတ်မှတ်ထားရှိပြီးတော့ မြို့နယ် ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ လမ်းညွှန်မှု နဲ့အညီ ကုသပေးလျက်ရှိ ပါတယ်။ အခုတတိယ လှိုင်းမှာတော့ Quarantine Center ဖွင့်လှစ်ထား ရှိခြင်း မရှိသေးပါဘူး။ Quarantine Center ဖွင့်လှစ်နိုင်ရေးကိုလည်း မြို့နယ်ကလမ်းညွှန်ချက် နဲ့ အညီ လိုအပ်ရင်လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး။ ။ ရောဂါပိုးတွေ့ရှိသူ နဲ့ Contact ဖြစ်သူတွေ အနေနဲ့ ဘယ်လို နေထိုင်သင့်ပါသလဲ။

 

ဖြေ။ ။ ရောဂါပိုးတွေ့ရှိသူနဲ့ Contact ဖြစ်သူတွေ ကိုတော့ နေအိမ်အပြင်မထွက်ဘဲ မိမိနေ အိမ်မှာ ပါးစပ်၊ နှာခေါင်းစည်း(mask)တပ်ဆင်ပြီး Home Quarantine အနေနဲ့ နေထိုင်စေဖို့ ဆောင်ရွက်ထားပါတယ်။

 

မေး။ ။ ဘယ်လို လက္ခဏာမျိုးပြသရင် စိုးရိမ်ရတဲ့ အခြေအနေ ခေါ်ပါသလဲ။

 

ဖြေ။ ။ လူနာအနေနဲ့ အသက်ရှူကျပ်လာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ချောင်းတအားဆိုး ခြင်း စတဲ့လက္ခဏာ မျိုးတွေ တွေ့ရင် စိုးရိမ်ရပါ တယ်။ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ လူနာအနေနဲ့ သွေး ထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုင်းကြည့်လို့ ၉၀ ဝန်းကျင်၊ ၉၀ အောက်တွေ့ ရှိရင် စိုးရိမ်ရတဲ့ အတွက် အောက်ဆီဂျင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီ လိုမျိုး ပြင်းထန်တဲ့လူနာတွေကို စစ်ဆေးပြီးတဲ့တိုင် ကျွန်တော်တို့ဆေးရုံမှာ သီးခြားနေရာထားရှိပြီးတော့ သီးခြားကုသမှု ဆောင်ရွက်ပေးပါတယ်။

 

မေး။ ။ လူနာတွေအတွက် အောက်ဆီဂျင် လိုအပ်ချက်များကို ဘယ်လိုစီစဉ်ထား ပါသလဲ။

 

ဖြေ။ ။ မအီဆေးရုံအနေနဲ့ လက်ရှိအနေအထားမှာ တော့ အောက်ဆီဂျင် ဆလင်ဒါ (Oxygen Cylinder) အကြီး ငါးလုံး၊ အသေး နှစ်လုံးနှင့် အောက်ဆီဂျင်ထုတ်စက် သုံးလုံးရှိပါတယ်။ တကယ်လို့ ဒီထက်လိုအပ်လာခဲ့ရင်လည်း ပေးနိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။

 

မေး။ ။ ကိုဗစ်ဖြစ်လာရင် ဘယ်လိုစားသောက် နေထိုင်သင့်ပါသလဲ။

 

ဖြေ။ ။ ခန္ဓာကိုယ် ခုခံစွမ်းအားကတစ်ဆင့် ကိုဗစ် ကို ပြန်လည်တိုက်ခိုက်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်ကို ကိုယ်ခံစွမ်းအား တိုးမြှင့်ထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်လာတဲ့ လူနာတွေအနေနဲ့ ရေများများသောက်ပေးဖို့၊ အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးဖို့၊ ကောင်းကောင်း အနားယူဖို့နဲ့ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချထားဖို့ အကြံပေးလိုပါတယ်။

 

မေး။ ။ ဒီနေ့ အထိ ပိုးတွေ့ လူနာ ဦးရေ/ ဆေးရုံ တက်ရောက် ဆေးရုံဆင်း လူနာဦးရေ ပြန်လည်ကျန်းမာလာမှု အခြေအနေကို သိချင်ပါ တယ် ခင်ဗျာ။

 

ဖြေ။ ။ မအီဆေးရုံအနေနဲ့ လက်ရှိအခြေအနေမှာ ပိုးတွေလူနာ Positive တစ်ဦးပဲ ဆေး ကုသမှုခံယူလျက်ရှိပါတယ်။ သံသယဖြစ်ဖွယ် လူနာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။

 

မေး။ ။ ကာကွယ်ဆေးထိုးဖို့ ကျန်နေသူများ ထိုးနှံပေးသွားဖို့ စီစဉ်ထားရှိမှု အခြေအနေကို သိပါရစေ။

 

ဖြေ။ ။ ကာကွယ်ဆေးထိုး လုပ်ငန်းကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း ပြီးခဲ့တဲ့လက ထိုးနှံ ခဲ့ပြီးပါပြီ။ ကျန်နေတဲ့သူတွေအတွက်ကတော့ ညွှန်ကြားလာတဲ့အတိုင်း ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ။

 

မေး။ ။ အခြားဖြည့်စွက် ပြောကြားလိုမှုများ ရှိပါက ပြောကြားပေးစေလိုပါတယ် ခင်ဗျာ။

 

ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာက အသိပညာပေးလုပ်ငန်း တွေကို ဆောင်ရွက်တဲ့အခါ တစ်ဦးတစ်ယောက် ရဲ့ လိုက်နာဆောင်ရွက်မှုနဲ့ မရပါ။ ပြည်သူတွေက တက်ညီလက်ညီ ပူးပေါင်းပါဝင်ဖို့၊ သတ်မှတ် စည်းကမ်းတွေ၊ ညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခုလို ပြည့်ပြည့်စုံစုံနဲ့ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် ဆရာ။

 

မအီ(ပြန်/ဆက်)