Skip to main content

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကုသရာတွင်အသုံးပြုရန် Remdesivir ကုသဆေးများ နေပြည်တော် သို့ရောက်ရှိ

 

နေပြည်တော် ဇူလိုင် ၂၀

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အရေးပေါ်ကုသရာတွင်အသုံးပြုရန်အတွက် National Strategic Investment Corporation Co.Ltd(NSIC) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့် Remdesivir ကုသဆေးအလုံးပေါင်း သုံးသောင်းသည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ယနေ့ညပိုင်းတွင် ရောက်ရှိလာသည်။

အဆိုပါ Remdesivir ကုသဆေးများကို နေပြည်တော် တပ်မတော်လေဆိပ်၌ National Strategic Investment Corporation Co.Ltd မှ အထွေထွေမန်နေဂျာက လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူ သည်။

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါအား Remdesivir ဆေး ဖြင့် ကုသရာတွင် အထိရောက်ဆုံးနှင့် လူသေဆုံးမှုနှုန်းကို လျော့ချနိုင်မှု အရှိဆုံးဖြစ်ကြောင်း၊ အဆိုပါ Remdesivir ကုသဆေးကို အမေရိကန်နိုင်ငံ Gileat Sciences, Inc မှ တီထွင်ထုတ်လုပ်ပြီး အမေရိကန် နှင့် ဥရောပနိုင်ငံများတွင် FDA ထောက်ခံချက်ရရှိခဲ့ကာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကုသမှုတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထို့ပြင် Remdesivir ကုသဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုရန်အတွက် Gileat Sciences, Inc က ထုတ်လုပ်မှုလိုင်စင်ကို အိန္ဒိယနိုင်ငံ Hetero Labs Limited မှ ဝယ်ယူ၍ Remdesivir ဆေးဝါးကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ ကြောင်း၊ Remdesivir ကုသဆေးကို National Strategic Investment Corporation Co.Ltd အနေဖြင့် မြန်မာ ကျပ်ငွေ ၃ ဘီလီယံတန်ဖိုးခန့်ရှိ ဆေးအလုံးပေါင်း သုံးသောင်း အား အိန္ဒိယနိုင်ငံက မှာယူ၍ မြန်မာနိုင်ငံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ တစ်ဆင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)