နေပြည်တော် ဇူလိုင် ၂၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်းအရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၇ ရက် က ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ Video Conference စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများ ထပ်မံတိုးချဲ့သွားမည့် အစီအစဉ်များ၊ လူနာများ လိုအပ်သည့် အရေး ပေါ်ကုသမှု ရရှိရန် ဆောင်ရွက်ထားသည့် အခြေအနေများ၊ ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသနိုင်ရေးနှင့် အောက်စီဂျင်လုံလောက်စွာရရှိနိုင်ရေး စီမံဆောင်ရွက် ထား သည့် အခြေအနေများနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေး သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ် ပါကြောင်းပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးလှစိုး က ကိုဗစ်-၁၉ ရောဂါ mild, moderate လူနာများအတွက် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန များ ထပ်မံတိုးချဲ့သွား မည့် အစီစဉ်များကိုလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာများ ကုသနိုင်ရန် ဆေးရုံများထပ်မံ တိုးချဲ့နေမှုအစီအစဉ်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း က ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား နေမှုအခြေအနေများ၊ ကြုံတွေ့နေရသည့်အခက်အခဲများနှင့်ပတ်သက်၍ လည်းကောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ mild, moderate လူနာများအတွက် လိုအပ်သည့်ဆေးဝါးများ မဖြစ်မနေရရှိအောင် စီစဉ် ဆောင်ရွက်ရေး၊ သွေးတိုး၊ ဆီးချိုရောဂါရှိသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ အတွက် ဆေးဝါး မပြတ်လပ်စေရေး၊ ဖြည့်ဆည်းပေးမည့်ကဏ္ဍများ၊ ဆက်လက်ဆောင်ရွက် သွားရမည့် လုပ်ငန်းများအားလမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Video Conference စနစ်ဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဇူလိုင် (၁၈)ရက်က ပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်မှာကြားချက်များကို ဦးစွာရှင်းလင်း ပြောကြားပြီး ပြည်သူများအနေဖြင့် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက်၊ ပန်ကြားချက်များကို တိတိကျကျလိုက်နာခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို တိတိကျကျကြီးကြပ်ဆောင်ရွက်စေခြင်း တို့ဖြင့် ရောဂါ ကူးစက်မှုများ လျော့ကျနိုင်မည်ဖြစ်၍ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများမှ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပူးပေါင်း၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ရောဂါကူးစက်မှု များလျော့ကျစေရေးဝန်ကြီး ဌာနမှ ဖြန့်ဝေပေးထားသည့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များ ကို ပြည်သူများထံ အမြန် ဖြန့်ဝေပေးရန်ဖြစ်ပြီး နောက်ထပ်လိုအပ်ချက်များရှိပါက ဝန်ကြီး ဌာနမှ ဆက်လက် ထောက်ပံ့ ပေးမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ် ငန်းများ၊ ရောဂါကာကွယ်ရေး ပညာပေးခြင်း/ အသိပေး/ သတိပေးလုပ်ငန်းများ ဆောင်ရွက် ခြင်းကို အသံချဲ့စက်များဖြင့် ညပိုင်းတွင်သာမက နံနက်ပိုင်းနှင့် နေ့ဘက်အချိန်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှသာ အိမ်အပြင် ထွက်မည့်သူများနှင့် လုပ်ငန်းခွင်သို့ သွား ရောက်မည့်သူများ အနေဖြင့် ပိုမိုသတိပြု ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် လူစာရင်း တိတိကျကျရရှိရေး၊ ကာကွယ် ဆေးထိုးနှံမည့်သူများအား စနစ်တကျ ကြိုတင်မှတ် ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်း စနစ်တကျထားရှိရေးနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းကဒ်ပြားများ အချိန်နှင့်တပြေးညီ ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ အရေးပေါ်လူနာများကို နှောင့်နှေးမှုမရှိစေဘဲ ကုသမှုရရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကုသရေးတွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်လျက်ရှိသူ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်(၅၀၀၀၀) လစဉ်ပေးအပ်သွားမည်ဖြစ်ပြီး ညဂျူတီတာဝန် ထမ်းဆောင်သူများအား တစ်ညလျှင် ငွေကျပ် (၁၅၀၀) နှုန်းဖြင့် ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ ထိုသို့ ထောက်ပံ့ပေးရာတွင် ကန်ထရိုက်စနစ်ဖြင့် တာဝန်ထမ်းဆောင် မည့်သူများ ကိုပါထောက်ပံ့ ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်း အလိုက် အောက်စီဂျင် ထုတ်လုပ် မှုနှင့် လိုအပ်ချက်ကို တွက်ချက်၍ ဗဟိုနှင့်ညှိနှိုင်းကာ အောက်စီဂျင်မပြတ်လပ် အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကြီးကြပ် (၂)များ၊ သားဖွား ဆရာမ များ၊ နေ့စားဝန် ထမ်းများ ခန့်အပ်နိုင်ရေး အမြန်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြား ရေးမှူးများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)