နေပြည်တော် ဇူလိုင် ၂၀
လတ်တလောတွင် နိုင်ငံတစ်ဝန်းလုံးတွင် Covid-19 ရောဂါတတိယလှိုင်း ကူးစက်ဖြစ်ပွားမှု နှုန်းမြင့် တက်လာခြင်းနှင့်အတူကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအရေးပေါ် လိုအပ်မှုမှာလည်း မြင့်တက် လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများကို အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန များနှင့် ထိထိ ရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။
ပြည်သူများအရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်းမှုကို အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်း ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၀ ရက်တွင် အပြည် ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ် သည့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ မောတောင်စခန်းတို့မှ ကုမ္ပဏီ (၇၆) ခု၊ မော်တော် ယာဉ် (၅၁)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၃) တန်၊ အောက်ဆီဂျင် အရည် (အိုး ဖြင့်) (၂၉) တန်၊ Oxygen Generator (၄)လုံး၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၃၉၇၈)ခု၊ Test Kit (၂၀၀၀၀)၊ နှာခေါင်းစီး ( Mask ) (၅၅) တန် တင်သွင်းနိုင်ခဲ့သည်။
ဇူလိုင် ၁၂ ရက်မှ ၂၀ ရက်အထိ မော်တော်ယာဉ် (၂၁၃)စီးဖြင့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်ဖြင့် (၃၂၉) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၁၁၂)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့ (အိုးဖြင့်) (၆၂) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (၁၅၅၆၁)ခု၊ Test Kit (၁၃၄၅၀၀) ခု၊ နှာခေါင်းစီး ( Mask ) တန် (၄၂၀) တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
မူဆယ်နယ်စပ်မှ တင်သွင်းမည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောက်ရှိစေရေးအတွက် ကုမ္ပဏီများအနေဖြင့် တင်ပြလျှောက်ထား သည့်စာများတွင် တစ်ဖက်တရုတ်နိုင်ငံရှိဆက်သွယ်ရမည့်သူအမည်၊ ကုမ္ပဏီအမည်၊ တရုတ် ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးနိုင်ပါရန် အသိပေးထားကြောင်းနှင့် အကူအညီ လိုအပ် ပါကသက်ဆိုင်ရာဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ Contact Person များကို လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ website ဖြစ်သည့် commerce. gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)