Skip to main content

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၍ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိ

နေပြည်တော် ဇူလိုင် ၁၉

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ အတည်ပြု လူနာများထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိပြီး ခန်းမအပေါ်ထပ် တွင် ခုတင်၁၇၅ လုံး၊ မြေညီထပ်တွင် ခုတင် ၂၉၇ လုံး၊ မြေအောက်အထပ် တွင် ခုတင် ၁၄၄ လုံးနှင့် ခန်းမဘေးရှိ ကျောက်စိမ်းပြခန်းဆောင် ကိုးခု တွင် ခုတင် ၈၈၄ လုံး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“အခုနောက်ပိုင်းမှာ လူနာတွေက နေ့စဉ် ၂၀၀ ကျော်ကနေ ၃၀၀ ကျော် များပြားလာတဲ့အတွက် Positive Center ထပ်မံရှာဖွေ ဖော်ထုတ်တဲ့အခါမှာ မဏိရတနာကျောက်စိမ်းခန်းမကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အသုံး ပြုခွင့်ရခဲ့ပါတယ်။ ကုသရေး ဆေးအဖွဲ့အနေနဲ့ တပ်မတော်ဆေးအဖွဲ့က ဆောင်ရွက်မှာ ဖြစ်ပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်တဲ့ပစ္စည်း၊ စက်ပစ္စည်းကိရိယာတွေ၊ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ် က ပြောကြားသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် မဏိရတနာ ကျောက်စိမ်းခန်းမကို Positive Center အဖြစ် အသုံးပြုရန် စီစဉ်နေမှုနှင့်စပ်လျဉ်း၍ "ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ပထမတော့ ဆေးရုံတွေမှာ ကုသပေးတယ်။ နောက်ပိုင်း များပြားလာ တဲ့အခါမှာ ဆေးရုံတွေအပြင် Center တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာ(၂)မှာ လက်ခံပေးတယ်၊ ဝင်ဆံ့အင်အား ၈၀၀ ရှိပါတယ်။

အဲဒီနောက်ပိုင်းမှာ ထပ်မံများပြားလာတဲ့အတွက် စည်ပင် ဧည့်ရိပ်သာ(၁)ကို Positive Center အဖြစ်သုံးစွဲတယ်၊ ဝင်ဆံ့အင်အား ၉၀၀ ဖြစ်ပါတယ်။ အခုလူနာများပြားလာတဲ့အတွက် နေပြည်တော် ကောင်စီကြီးကြပ်မှုနဲ့ ပြင်ဆင်နေပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းခန်းမ၌ တပ်မတော်မှ အထူးကုသမား တော်ကြီးများဦးဆောင်၍ တပ်မတော် ဆရာဝန်သူနာပြု ၂၄ ဦးက အဖွဲ့ နှစ်ဖွဲ့ခွဲကာ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ကိုဗစ်-၁၉ လူနာများ ကို စောင့်ရှောက်ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမင်းအောင်(သတင်းစဉ်)