တာဝန်ကိုယ်စီရှိပါသည်နှင့် အခြားပြဇာတ်များ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ တတိယဆုရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ “တာဝန်ကိုယ်စီရှိပါသည်နှင့်အခြားပြဇာတ်များ” စာအုပ်ကို ရောင်းဈေး ကျပ် ၁၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။
ယင်းစာအုပ်တွင် ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးပြဇာတ်အပါအဝင် ပြဇာတ်တို ၉ ပုဒ် ပါဝင်သည်။ ပြဇာတ်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့များ မပျောက်ပျက်စေရေး၊ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်စေရေး၊ ကျေးဇူးသိတတ်ရန်လိုအပ်မှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေရေးနှင့် ရိုးရာလှေသဘင်စသည့် အကြောင်းအရာများကို ပြဇာတ်အသွင် ခြယ်မှုန်းတင်ပြထားသည်။ တစ်ခန်းရပ်ပြဇာတ်များအဖြစ် စင်တင် ကပြနိုင်သည့် ပြဇာတ်စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
နာမည်နှင့် မြန်မာ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ သုတပဒေသာ (ဝိဇ္ဇာ) ဒုတိယဆုရရှိသည့် စာရေးဆရာမ မေမြန်မာ၏ “နာမည်နှင့်မြန်မာ” စာအုပ်ကို ရောင်းဈေး ကျပ်၁၇၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။ “ယင်းစာအုပ်တွင် နာမည်မှည့်ပုံ နည်းစနစ်များကို အဓိကထား ရေးသားထားသည်။ ကမ္ဘာပေါ်ရှိ နာမည်မှည့်ပုံများနှင့် မြန်မာတို့၏ နာမည်မှည့်ပုံများကို နည်းစနစ်ကျနစွာ ရေးသားတင်ပြထားသည်။ မြန်မာနာမည်မှည့်နည်း အမျိုးမျိုးအကြောင်း၊ ပုဂံခေတ်မှ မျက်မှောက် ခေတ်တိုင်အောင် မြန်မာနာမည်များ အဆင့်ဆင့်ပြောင်းလဲလာပုံ၊ ကျား၊ မ နာမည်၊ တိုင်းရင်းသားနာမည်၊ နာမည်နှင့် ဆက်စပ်သော ဝိသေသသဘောများကိုလည်း အသေးစိတ် အနုစိတ် အကိုးအကား များဖြင့် ဖော်ပြသည်။ နာမည်နှင့် ယုံကြည်လိုက်နာမှုဓလေ့၊ နာမည် အပေါ် စရိုက်လက္ခဏာ လွှမ်းမိုးမှု၊ နာမည်နှင့် လူမှုဆက်ဆံရေးတို့၏ ထူးခြားဖြစ်တည်မှုများကိုလည်း စိတ်ဝင်စားဖွယ် ဖော်ထုတ် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
ခေတ်သစ်ဂေါတမီ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ တတိယဆုရရှိသည့် စာရေးဆရာ မောင်လွယ်အိတ်၏ “ခေတ်သစ်ဂေါတမီ” စာအုပ်ကို ရောင်းဈေး ကျပ်၁၄၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။
ယင်းစာအုပ်တွင် အခန်းပေါင်း ၃၀ ပါဝင်ပြီးဇာတ်ကောင်အင်အား များစွာ ပါဝင်သည့် ပြဇာတ်ရှည် ဖြစ်သည်။ စာရေးသူက ကျေးရွာသူ ကျေးရွာသားများ၏ ရိုးရှင်းပွင့်လင်းသော စရိုက်ရှိပုံ၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြပုံများ၊ တိုင်းရင်းသူတို့၏ ရိုးသားတည်ကြည်သော စိတ်ဓာတ်များကို နှစ်လိုဖွယ်ဖြစ်အောင် တင်ဆက်ထားသည်။ သံသယနှင့် အမုန်းတရားကလမ်းမှားသို့ တင်ပို့ပေး နိုင်ကြောင်း၊ နားလည်မှုနှင့် ချစ်ခြင်းမေတ္တာတရားက လမ်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ကြောင်း စသည့် အသိတရားများကိုပါဝေငှထားပေးရာ စာအုပ်ကောင်း တစ်အုပ်ဖြစ်သည့်အပြင် စာဖတ်ပရိသတ်များအဖို့ သုတရသရရှိမည် ဖြစ်သည်။
သတင်းစဉ်