Skip to main content

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ခရီးသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများပြေးဆွဲ

နေပြည်တော် ဇူလိုင် ၁၉

မြန်မာ့မီးရထားက ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Standard Operation Procedure-SOP လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဘူတာအဝင်နှင့် ရထားများပေါ်တွင် ခရီးသည်များ၏ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဘူတာအဝင်ရှိ လက်ဆေး ခုံများတွင် လက်ဆေးစေခြင်း၊ Mask တပ်ပြီးမှ ဘူတာအတွင်းနှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက် တွဲများပေါ်တွင် နှစ်ယောက်ထိုင်နိုင်သော ထိုင်ခုံတစ်ခုံ၌ ခရီးသည် တစ်ဦးသာ ရောင်းချစေခြင်း၊ သတ်မှတ်ခရီးသည် ဦးရေမှအပ ထိုင်ခုံမဲ့ လုံးဝမရောင်းစေခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုကာလတွင်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ရုံးပိတ်ရက်ကာလများအတွင်း ပြည်သူများ မဖြစ်မနေသွားလာမှုများ အဆင်ပြေစေရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်- မန္တလေးလမ်းပိုင်း၊ ရန်ကုန် မော်လမြိုင်လမ်းပိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းတို့တွင်အစုန်/အဆန် စာပို့ရထား အမြန်ရထားများကိုလည်းကောင်း၊ မန္တလေး-ကန့်ဘလူ လမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းတို့တွင် RBE ရထားများဖြင့် လည်းကောင်း ပုံမှန်ပြေးဆွဲပေးလျက် ရှိကြောင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ်(၁)၊ အဆန် (၂)အစုန် စာပို့ရထားအား ပါဆယ်တွဲ နှင့် ကုန်တွဲများ ချိတ်ဆက်လျက် နေ့စဉ်စုန်ဆန်ပြေးဆွဲပြီး ပါဆယ်နှင့် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း သုံး ကျောက်အမျိုးမျိုးအား ကျောက်ရထားများဖြင့် သိမ်ဇရပ်ဇင်းကျိုက်တို့မှ မလွှကုန်းအထိ ပို့ဆောင်ပြေးဆွဲပေးခြင်း၊ ရန်ကုန်မန္တလေးအကြား ကုန်သေတ္တာတင်ရထားများ ပြေးဆွဲပေးခြင်းနှင့် ကုန်ပစ္စည်းတင်ပို့ရန် တွဲတောင်းခံလာမှုအပေါ်မူတည်၍ အခါအားလျော်စွာ ကုန်ရထားများ ဖွဲ့ဆင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်