နေပြည်တော် ဇူလိုင် ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော် တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ နှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်း မြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင် တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံ ပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းများ နှင့် လူနာရှင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါလူနာများ များပြားလာသည့်အတွက် ကုသရာတွင် ဆေးရုံရှိ ဝန်ထမ်းများနှင့် လုံလောက်မှုမရှိဘဲ အခက်အခဲ ဖြစ်ပေါ်နေကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာသဖြင့် နယ်မြေခံတပ်ရင်းများမှ ဆေးကုသရေးအဖွဲ့အား ဇူလိုင် ၁၈ ရက် ညနေ ပိုင်းတွင် အဆိုပါဆေးရုံသို့ စေလွှတ်ခဲ့ရာ မြို့မိမြို့ဖများနှင့် ဆေးရုံမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်းနှင့် ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ် ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း များကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။
သတင်းစဉ်