Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော် ဇူလိုင် ၁၈ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့်အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။ ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အထွေထွေရောဂါကု ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက အောက်ဆီဂျင်အိုး အလုံး ၅၀ အားလည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်စင်တာသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးမိတ်တပ်နယ်မှ တပ်မတော်သားများက အောက်ဆီဂျင် ၂၀ လုံးအား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများက Oxygen concentrator ၂ လုံး၊ Oxygen clinder ၄၀ လီတာအိုး ၁၀ လုံးအား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက်ဆီဂျင်အိုး ၁၃၀ လုံးအားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၃ လုံးနှင့် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၇ လုံးတို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး ၇၀ လုံး ကိုလည်းကောင်း အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ အများပိုင်ကုမ္ပဏီ(ဂန္တမာ)Oxygen Plant ၌ အောက်ဆီဂျင် ထုတ်လုပ်လည်ပတ်နေမှုများကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)ရှိ ယူနီတီအောက်ဆီဂျင် စက်ရုံ၌ Shwe Byain Phyu Co.Ltd မှ လှူဒါန်းသည့် Liquid Oxygen များကို အောက်ဆီဂျင်အိုးများအတွင်းဖြည့်သွင်း၍ ပြည်သူလူထုထံသို့ ပေးအပ်လှူဒါန်းနေမှုများကို ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများကလည်းကောင်း သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်းလာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၇၈၂ လုံးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားသို့ လည်းကောင်း၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် ပြည်ပမှမှာယူထားသည့် အောက်ဆီဂျင် ၅၀ လုံးသည် ထားဝယ်မြို့သို့လည်းကောင်း၊ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂၆ လုံးသည် မြဝတီမြို့သို့လည်းကောင်း အသီးသီး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက် ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။