နေပြည်တော် ဇူလိုင် ၁၈
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များ တပ်ဆင်ထုတ်လုပ်ကာ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ် ကုသရေးစင်တာ များသို့ ပို့ဆောင် ဖြန့်ဝေ လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထုတ်လုပ်ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)ပေါ်၌ တပ်ဆင်ထားရှိသော Oxygen Plant (Oxymet) မှအောက်ဆီဂျင်များ ဖြည့်သွင်းပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် လူမှုရေးအဖွဲ့အစည်း များသို့ ပို့ဆောင်ဖြန့်ဝေလှူဒါန်းပေးခြင်း များလည်း ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်မှ ယနေ့အထိ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၂၆ လုံးနှင့် ၁၅ လီတာဆံ့ အောက်ဆီဂျင်အိုး လေးလုံးတို့ကို ဖြန့်ဝေလှူဒါန်းပေးနိုင်ခဲ့သည်။
ယင်းသို့ ဖြန့်ဝေလှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ငါးလုံး၊ သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ငါးလုံး၊ ကွမ်းခြံကုန်း ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ရှစ်လုံး၊ ဆိပ်ကြီးခနောင်တို ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ၁၀ လုံး၊ ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုးငါးလုံး တွံတေးမြို့နယ် ပြည်သူ့ဆေးရုံနှင့် စိတ္တသုခလူမှုကူညီရေး အသင်းသို့အောက်ဆီဂျင်အိုးအလုံး ၄၀၊ (MAB) မြန်မာ့ရှေ့ဆောင် လူမှုကူညီရေးအသင်းသို့ အောက်ဆီဂျင်အိုး ၂၂လုံးနှင့် အခြားလူမှုရေး အဖွဲ့အစည်းများသို့အောက်ဆီဂျင် အိုး ၃၅ လုံး စုစုပေါင်း အောက်ဆီဂျင် အိုးအလုံး ၁၃၀ တို့ကို ပို့ဆောင် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်