Skip to main content

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၁၈
 
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။
 
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ များ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
 
ထိုသို့ပြင်ဆင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူအမျိုးသား ၁၃၇ ဦးနှင့် အမျိုးသမီး ၉၀ စုစုပေါင်း ၂၂၇ ဦးကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၀ ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုး သား ၃၄၉ ဦး နှင့် အမျိုးသမီး ၁၉၈ ဦး စုစုပေါင်း ၅၄၇ ဦးကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၁၆ ဦး နှင့် အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၁၅၁ ဦးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၃၂ ဦး ကိုလည်းကောင်း လက်ခံထားရှိကြောင်း သိရသည်။
 
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း နှင့် အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိ ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်