အကြောင်း ဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူကို အာဇာနေယျ အာဇာနည်ဟု မြန်မာအဘိဓာန်တွင် ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တကယ့်ယောက်ျား အမျိုးသားကောင်းအာဇာနည်ကား ဤမျှမက ဂုဏ်အင်္ဂါအရည်အချင်းများ နှင့် အဘက်ဘက်က ပြည့်စုံသူကိုခေါ်သည်။
ထိုပုဂ္ဂိုလ်သည်ကား ရှားရှား ယောက်ျားဖြစ်၏။ အစားထိုးမရသော မည်သူနှင့်မတူ တစ်မူထူးခြားသည့် ပုဂ္ဂိုလ်ဖြစ်၏။ ရာစုနှစ်အဆက်ဆက် မည်မျှကြာပါစေ သူလိုလူ တစ်ကြိမ်တစ်ခါ ပေါ်ပေါက်ဖို့အရေးမှာ လွန်စွာခဲယဉ်းလှ၏။ စိတ်အား ထက်သန်မှုအစဉ်ရှိ၏။ ဆန္ဒအား အလွန်ကောင်းသူဖြစ်၏။ ဇွဲလုံ့လအရာတွင် ဘယ်သောအခါမှ မလျှော့သော လူစားဖြစ်၏။ အကြောင်းပြကာ နောက်ဆုတ်တတ်သည့် လူစားမျိုးမဟုတ်ပေ။ အခွင့်အလမ်းကို သော်လည်းကောင်း၊ ကံကောင်းထောက်မမှုကိုသော်လည်းကောင်း စောင့်မျှော်တတ်သည့် လူစားမျိုးမဟုတ်ပေ။ တကယ့်အာဇာနည်ယောက်ျားဖြစ်သည်။
ပုဂ္ဂလော ပုရိသာဇသောန၊
သောသဗ္ဗတ္တ ဇယတိ ယတ္တ
သောဇာယတေ ပေါသော
တံကုလံ ခုခ မေဓတိ
ပါဠိအဆိုရှိသည့်အတိုင်း “ယောက်ျားအာဇာနည်ဟူသည် နေရာဒေသတိုင်း၌ အခါခပ်သိမ်း မပေါ်ပေါက်။ အကြင်အရပ်၊ အကြင်နိုင်ငံ၌ မတစ်ထောင် တစ်ကောင်ဘွား၊ ယောက်ျား အာဇာနည် ပေါ်ပေါက်ခဲ့သော် ထိုဒေသ၊ ထိုနိုင်ငံ၊ ထိုလူမျိုးတို့မှာ အဖိုးတန်သမှ အကျိုးအန္တ” ဟု ဆိုထား၏။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တကယ့် အာဇာနည်မြောက်သော ပုရိသအာဇာနည် သည်ကား အမြင်ကျယ်၏။ အသိကျယ်ပြန့်၏။ တွေးခေါ်ဉာဏ်ကောင်းလှ၏။ ဆင်ခြင်သုံးသပ် ကာ ကောက်နုတ်ချက် ချမှတ်တတ်သူဖြစ်၏။ ဆုံးဖြတ်ချက်၊ ပြဋ္ဌာန်း ရည်ကောင်း၏။ အခြေအနေကို လည်းကောင်း၊ အကြောင်းခြင်းရာကိုလည်းကောင်း စိစစ်ဝေဖန် နိုင်စွမ်း ထူးကဲ၏။ စီမံခန့်ခွဲမှု ကျွမ်းကျင်၏။
လူဖြောင့်တို့ သဘာဝအတိုင်း၊ ဒိုးခနဲဒေါက်ခနဲ ပြတ်ပြတ်သားသား၊ တိတိ ကျကျပြောတတ်၏။ ဟောတတ်၏။ သူကားကိုယ်ကျိုး၊ ကိုယ့်ဆွေမျိုးအကျိုး၊ ကိုယ့်ပါတီအကျိုးသက်သက်ကိုသာ ကြည့်တတ်သူ မဟုတ်ပေ။ နိုင်ငံအကျိုးကိုသာ ကြည့်တတ်သူဖြစ်သည်။ သူလိုပုဂ္ဂိုလ်ကား ငွေ၊ ရာထူး၊ ဂုဏ်ထူးကို မက်မောမှု မရှိပေ။ နာမည်ကြီးချင်၍၊ ခေါင်းဆောင်လုပ်ချင်၍ စွန့်စားသူမျိုးမဟုတ်ပေ။ နိုင်ငံနှင့် လူမျိုးအတွက် အသက်စွန့်ဝံ့သူသာဖြစ်သည်။ သူကား ခေါင်းဆောင်ဘဝကို မျှော်မှန်း လမ်းထွင်၍ ရောက်လာသူမဟုတ်ပေ။ အချောင်ရောက်လာသူလည်းမဟုတ်ပေ။ အတ္တစွဲလုံးဝမဖက်သော စေတနာနှင့် ထိရောက်သော လုပ်ဆောင်ချက်များကြောင့် တစ်နိုင်ငံလုံး၊ လူအားလုံးက ထောက်ခံရပ်တည်ကြကာ၊ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးက ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုသဖြင့် ခေါင်းဆောင် ဖြစ်လာသူဖြစ်၏။ အသင်းအဖွဲ့ တစ်ခု၊ ပါတီတစ်ခုက တင်လိုက်သဖြင့် ဖြစ်လာသော ခေါင်းဆောင်အမျိုး အစားမဟုတ်ပေ။ တစ်နိုင်ငံလုံးနှင့်ဆိုင်သော၊ တစ်မျိုးသားလုံးက လေးစားသော ခေါင်းဆောင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ်နန်း၊ ကိုယ့်အရှင်သခင်နှင့် နေထိုင်ကြပြီးနောက် နယ်ချဲ့ လက်အောက် ကျွန်သပေါက်ဘဝသို့ ရောက်ခဲ့သည်။ မြန်မာနိုင်ငံကို အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား အမျိုးသားအာဇာနည် သူရဲကောင်းကြီးများက သူမတူအောင် စည်းရုံး နိုင်ခဲ့ပြီးနောက် သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် လွတ်လပ်ရေးအတွက် အောင်ပန်း ဆွတ်ချူးပေးခဲ့သော ၂၀ ရာစုခေတ် မြန်မာနိုင်ငံ လွတ်လပ်ရေးဗိသုကာဖြစ်သော၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် တစ်ခေတ်တွင် တစ်ယောက်၊ မတစ်ထောင် တစ်ကောင်ဘွား တကယ့် ယောက်ျားကောင်း အာဇာနည်ဖြစ်သည်။
ဤမျှ အဘက်ဘက်မှ ပြည့်စုံသော၊ အရည်အသွေးပြည့်ဝသော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်ကား အများအကျိုးအတွက်သာ အကာအကွယ် ပြုတတ်ပြီး မိမိအတွက်မူ မကာကွယ်လို၊ မကာကွယ်တတ်သည့်အားလျော်စွာ နယ်ချဲ့လက်ပါးစေ နိုင်ငံရေးအာဏာယစ်မူးသူ၏ စေခိုင်းချက်အရ အကြမ်းဖက် လူသတ်သမားတို့လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် ကျဆုံးခဲ့ရပေသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြင့်မြတ်သော အာဇာနည်တို့၏ အစဉ်အလာအတိုင်း လူပင်သေသော်လည်း နာမည်ဘယ်သောအခါမှ မသေဘဲ ကမ္ဘာပင်ပျက်စေ ထာဝရမမေ့နိုင်သည့် အမျိုးသား အာဇာနည်သူရဲကောင်းကြီး ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်