ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်မြို့ အင်းယားစင်တာတွင် ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးကုသပေးလျက်ရှိရာ တစ်ရက်လျှင် လူနာရာကျော် ပြန်လည်သက်သာလျက်ရှိပြီး တက်ရောက်သောလူနာတို့ အတွက် လိုအပ်သော အောက်ဆီဂျင်ကို နိုင်ငံတော်မှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိကာ ကုသမှု ပိုင်းတွင် သက်ရောက်မှုနှင့် အရေးပေါ်လိုအပ်သော အောက်ဆီဂျင်အရည် လှူဒါန်းလိုသူများ လိုအပ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အင်းယားဟိုတယ် အနီးရှိ အင်းယားကိုဗစ်စင်တာတွင် ခုတင် ၅၅၀ လက်ခံကုသပေးလျက်ရှိပြီး အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်ထားသော အခန်း ၄၈ ခန်းရှိ၍ ထိုအခန်းနှင့် ထပ်မံတပ်ဆင်အသုံးပြုမည့် အောက်ဆီဂျင် အတွက် အောက်ဆီဂျင် အရည် တင်ဆောင်ထားသော ယာဉ်ဖြင့် ပံ့ပိုးပေးနိုင်ပါက လူနာတို့ရင်ဆိုင်နေရသော အခက် အခဲကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ယနေ့အချိန်တွင် လူနာများကို အနီးကပ်ပို့ဆောင်ကူညီ နေသူတို့မှာ ပရဟိတအဖွဲ့ဝင်များဖြစ်ပြီး ထိုအဖွဲ့မှအချို့မှာ ကူးစက်ခံရမှုများရှိသောကြောင့် စက်ရုံမှ အောက်ဆီဂျင်အိုးထုတ်ယူရန် ပရဟိတများ လိုအပ်လျက်ရှိရာ ကုသပေးသူ၊ ပရဟိတအဖွဲ့နှင့် လူနာတို့အတွက်ထိရောက်သော ထောက်ပံ့မှုဖြစ်သောကြောင့် အောက်ဆီဂျင်အရည်လှူဒါန်းမှုမှာ ထိရောက်သော ထောက်ပံ့မှုဖြစ်ကြောင်း သိရသည်။
“ကျွန်တော် ဇူလိုင် ၆ ရက်မနက်မှာ နှာစေးတော့ ရိုးရိုးတုပ်ကွေး ထင်ခဲ့တယ်။ အိမ်က ဆေးသောက်ပြီး ညနေပိုင်းမှာ အဖျားငွေ့ငွေ့တက်လာလို့ မသင်္ကာတာနဲ့ ဆေးခန်းသွား တော့ ဆေးစစ်ဖို့ပြောတာနဲ့ နောက်တစ်ရက်မှာ ကျောက်တံတားမြို့နယ် ကျန်းမာရေးမှူး ဆရာဝန်ကြီးနဲ့ စစ်တော့ ပိုးတွေ့ တဲ့အတွက် ၇ ရက်နေ့မှာ အင်းယားစင်တာကို ပို့တယ်။ အဖျားကျဆေး ၅၀၀ မီလီဂရမ် ၅ ရက် သောက်ရပြီး ဓာတ်ဆားလည်း သောက်ရတယ်။ ၃ ရက်မှာ ဝမ်းမှန်သွားတယ်။ ဒီရောဂါက အဆုတ် ဘက်မလှည့်ရင် ဝမ်းကို ဒုက္ခပေးတတ်တာ။ ချောင်းဆိုးပြီး သလိပ်ထတယ်။ သလိပ်ပျော်ဆေးဆော့မှူးနဲ့ ရင်ကျပ်ပျောက်ဆေးသောက် တယ်။ ၈ ရက်မှာ အဖျားကျပြီး ၉ ရက်မှာ အဖျားပျောက် တယ်။ ဒီနေ့ ပြန်လွှတ်ပါပြီ။ ဒီမှာ တစ်ရက်ကို လူနာ ရာကျော် ပြန်ကောင်းနေပါတယ်။ ဒီမှာ အောက်ဆီဂျင် လိုအပ်နေတယ်။ အောက်ဆီဂျင်အရည်ဆိုရင် အားလုံးတစ်ပြိုင်တည်း အသုံးပြုနိုင်တာကြောင့် လူနာအသက် တွေကို ကယ်နိုင်တဲ့အတွက် အောက်ဆီဂျင်လှူဒါန်းတဲ့သူတွေ လိုအပ်နေပါတယ်” ဟု အသက် ၆၃ နှစ်ရှိ ရောဂါဝေဒနာပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရသော ဇာမဏီမြန်မာ ပရဟိတအဖွဲ့မှ ဦးသန့်ဇင်က ပြောသည်။
နိုင်ငံတော်မှ ဆေးရုံများနှင့် ကိုဗစ်စင်တာတို့တွင် အောက်ဆီဂျင်များကို ထောက်ပံ့ပေးလျက် ရှိပြီး ထောက်ပံ့မှုနှင့် အသုံးပြုမှု မမျှတသောကြောင့် အင်းယားကိုဗစ်စင်တာတွင် သေဆုံးမှု ရှိနေကြောင်း၊ တစ်ရက်လျှင် အောက်ဆီဂျင်ရှူရသူ လူဦးရေ ရာကျော်ရှိပြီး လူ ၂၀၀၀ အသုံးပြုနိုင်သော အောက်ဆီဂျင်အရည်ကားဖြင့် ဗဟိုဘားတွင် ချိတ်ဆက်ခြင်းဖြင့် အရည်မှ အငွေ့သို့ပြောင်းလဲပေး သောကြောင့် သန့်ရှင်းသော အောက်ဆီဂျင်ရရှိကာ အဆုတ်ထိခိုက်မှု ကို ကာကွယ်နိုင်ကြောင်း၊ ပြည်ပမှ အောက်ဆီဂျင်အရည်မော်တော်ယာဉ် ၁၂ စီး ရောက်ရှိသောကြောင့် နိုင်ငံတော်မှ ဆေးရုံနှင့် ကိုဗစ်စင်တာတို့ကို ဖြန့်ဝေပေးလျက်ရှိပြီး မြန်မာ ပြည်၏စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်သူတို့အတွက် အောက်ဆီဂျင်လိုအပ်လျက်ရှိသည်။ အောက်ဆီဂျင်အရည် မော်တော်ယာဉ်တစ်စီးလျှင် မက်ထရစ် ၂၅ တန်ပါရှိပြီး ငွေကျပ်သိန်း ၂၄၀ တန်ဖိုးရှိ၍ လူဦးရေ ၂၀၀၀ အတွက် နှစ်ပတ်အသုံးပြုနိုင်သောကြောင့် အလှူရှင်အချို့ အနေဖြင့် ထိုင်းနိုင်ငံမှ တင်သွင်း ကုသိုလ်ယူလျက်ရှိသည်။
လက်ရှိအောက်ဆီဂျင်ပြဿနာတွင် ငွေကြေး တတ်နိုင်သူတို့မှာ မလိုအပ်ဘဲ အောက်ဆီဂျင် များ သိုလှောင်ထားမှုကြောင့် ငွေကျပ်တစ်သိန်းခွဲတန် အောက်ဆီဂျင်တစ်အိုးလျှင် ငွေကျပ် နှစ်သိန်းခွဲဖြင့် ရောင်းချလျက်ရှိပြီး ဆရာဝန်ညွှန်ကြားမှုအတိုင်း အောက်ဆီဂျင်ပေးခြင်း မပြုဘဲ ကိုယ်တိုင်ပေးသောကြောင့် အောက်ဆီဂျင်အိုးဖြင့်ပေးသောလူနာများ အဆုတ် ထိခိုက်တတ်၍ သတိပြုရန်လိုကြောင်း၊ စိုးရိမ်စိတ်သည် လက်ရှိကျန်းမာရေးအခက်အခဲ အတွက် ဖြေရှင်းပေးနိုင်သောအဖြေမဟုတ်သောကြောင့် မလိုအပ်ဘဲ အောက်ဆီဂျင်နှင့် ဆေးဝါးများ လိုအပ်သည်ထက် ပိုမိုသိုလှောင်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဝေဒနာခံစား နေရသူတို့အတွက် ဝိုင်းဝန်း လက်တွဲကူညီမှုမှာ ကိုဗစ်တတိလှိုင်းကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
မိုးရာသီတွင် တုပ်ကွေးရောဂါနှင့်ယှဉ်၍ ကြုံတွေ့နေရသောကိုဗစ်-၁၉ရောဂါထိန်းချုပ်ရာတွင် ပါရာစီတမော့၊ ဆော့ဆေးနှင့် ဓာတ်ဆားထုပ်များ ဆေးဆိုင်တွင် ပြတ်လပ်မှုနှင့် ဆိုင်များ ပိတ်ထားမှုကြောင့် ဝယ်ယူသူတို့အခက်အခဲကြုံတွေ့ရလျက်ရှိပြီး ဆေးကုမ္ပဏီများ၊ UMFCCI နှင့် BPI တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်သူတို့လိုအပ်သော အခြေခံ ဆေးဝါးတို့ကို ကိုဗစ် စင်တာများသို့ လှူဒါန်းနိုင်ပါက လက်ရှိကြုံတွေ့နေရသော အခြေခံဆေးဝါးအခက် အခဲကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဦးသန့်ဇင်က ဖြည့်စွက်ပြောသည်။
လက်ရှိတွင် အင်းယားကိုဗစ်စင်တာတွင် တက်ရောက်ကုသနေသောလူနာများ နေ့စဉ် ဦးရေ ၃၀ မှ ၁၀၀ ကျော် ပျောက်ကင်းလျက်ရှိပြီး အောက်ဆီဂျင်လိုအပ်မှုကြောင့် သေဆုံးသူအချို့ လည်းရှိရာ ပိုးတွေ့လူနာတို့အတွက် အောက်ဆီဂျင် အရည်ထောက်ပံ့လှူဒါန်းမှုလည်း လိုအပ်နေကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ