ကျောက်ဖြူ၊ ဇူလိုင် ၁၇
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရေလုပ်သား များနှင့် ရေလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများအား ပြန်လည်ကုစားနိုင်ရေး၊ ငါးလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေး၊ နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေရရှိစေရေး၊ ပြည်တွင်း ငါးရိက္ခာဖူလုံစေရေး၊ ရေလုပ်သားများ အခွင့်အလမ်း အမြန်ဆုံးပြန်လည် ရရှိစေရေးနှင့် ၎င်းတို့မိသားစု၏ လူနေမှုဘဝ အဆင်ပြေ စေရေးတို့ကို ရည်ရွယ်၍ ငါးမဖမ်းရကာလ (မေ၊ ဇွန်၊ ဇူလိုင်) သုံးလပိတ်ထားခြင်းကို ဖြေလျှော့ကာ လုပ်ငန်းအမျိုးအစားအလိုက် ရေယာဉ်အစင်းရေ၏ ၅၀ ရာခိုင်နှုန်းကို ဇူလိုင် ၁၆ ရက်မှစ၍ အဆိုပါဦးစီးဌာန စုပေါင်းစစ်ဆေးရေးစခန်းမှ ငါးဖမ်းလှေကြီးများ ကမ်းဝေး ငါးဖမ်းဆီးမှုကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ထိုသို့ ကမ်းဝေးငါးဖမ်းဆီးမှု အား ၂၀၂၁ ခုနှစ်၊ ငါးမဖမ်းရကာလ (မေ၊ ဇွန်၊ ဇူလိုင်) သုံးလပိတ် ထားခြင်းကိုဖြေလျှော့၍ ဇူလိုင်လအတွင်း ငါးဖမ်းဆီးမှုကို ပြန်လည်ခွင့်ပြုသွားရန် စီစဉ် ညွှန်ကြားထားရှိခြင်းအရ ငါးဖမ်းရေယာဉ် ၃၄ စင်းအား ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာ ခွင့်ပြုခဲ့ကြောင်း၊ ရေယာဉ်တွင် စီးနင်းလိုက်ပါကြမည့် ရေလုပ်သားများကို လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရေလုပ်သားမှတ်ပုံတင် ကတ်ပြားများ ထုတ်ပေးခြင်းနှင့် ပင်လယ်ပြင်၌ လိုက်နာနေထိုင် ကြရမည့်သတ်မှတ်ချက်များအား ကျောက်ဖြူခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ က မှာကြားခဲ့သည်။
အဆိုပါ ငါးဖမ်းရေယာဉ် ၃၄ စင်းတွင် ရေလုပ်သား ၆၀၀ ခန့် ပါရှိပြီး ကျောက်ဖြူခရိုင်အတွင်း တွင် စုစုပေါင်း ငါးဖမ်းရေယာဉ် ၁၆၄ စင်းရှိကာ ရေလုပ်သား ၄၀၀၀ ကျော်ခန့် ပါရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦးဖြိုးဝေလင်း