Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်၌ Video Conference ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ပြုလုပ်သည့်အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်မှာ ယခုရုံးပိတ်ရက်ရှည်အတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ပန်ကြား ချက်များအား တိတိကျကျလိုက်နာခြင်းဖြင့် ရောဂါကူးစက်မှု (Chain of Transmission) ကို ဖြတ်တောက် နိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများက တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် ပူးပေါင်း၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် အရေးကြီး ပါကြောင်း၊ ပြည်နယ်နှင့် တိုင်း အလိုက် အောက်ဆီဂျင် ထုတ်လုပ်မှုနှင့် လိုအပ်ချက်ကို mapping ရေးဆွဲထား၍ ဗဟိုနှင့်ညှိနှိုင်းကာ  အောက်ဆီဂျင်မပြတ်လပ်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အရေးပေါ် လူနာ များကို နှောင့်နှေးမှုမရှိစေဘဲ ကုသမှုရရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ထမ်းများတွင်လည်း ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် Infection Prevention and Control Guideline အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်သူစာရင်း တိတိကျကျရရှိရေး၊ ကာကွယ် ဆေးထိုးမှတ်တမ်း စနစ်တကျထားရှိရေးနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းကဒ်ပြားများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခုတတိယလှိုင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည့် အတွေ့ကြုံများကို အသုံးချ၍ ပြည်သူလူထုအတွက် နောင်တစ်ချိန်တွင် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း‌ ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)