Skip to main content

COVID-19 ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကြိုတင်ပြင်ဆင် မှုများဆောင်ရွက်

 

 

နေပြည်တော် ဇူလိုင် ၁၆

 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့် ရမည့်သူများကို နေရာဒေသအလိုက်ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊  နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌    ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိ သည်။  ထို့ပြင်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပရဟိတအဖွဲ့အစည်းများ၊  တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့  ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့်  တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍  လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၀၁ ဦးနှင့် အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၆၄ ဦးအား လည်းကောင်း၊    ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၆ ဦး  စုစုပေါင်း ၂၃ ဦးအားလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌  ဓာတ်ခွဲအတည်ပြု ပိုးတွေးလူနာ အမျိုးသား ၅၅၈ ဦးနှင့် အမျိုးသမီး  ၃၀၈ ဦး စုစုပေါင်း ၈၆၆ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၁၈၆ ဦးနှင့် အမျိုးသမီး ၈၇ ဦး စုစုပေါင်း ၂၇၃ ဦးအားလည်းကောင်း အသီးသီးလက်ခံထားရှိကြောင်း သိရှိရသည်။

 

အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု   ပိုးတွေ့လူနာများ၏ နေထိုင်စား သောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံဆေးကုသ ရေးအဖွဲ့များနှင့်တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် အဆိုပါ  စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများမှာ ကျန်းမာရေး ကောင်းမွန် လျက်ရှိသည်။

 

သတင်းစဉ်