Skip to main content

ကာကွယ်ဆေးထိုးထားတဲ့သူအနေနဲ့ ကူးစက်ခံရပေမယ့် ရောဂါပြင်းထန်စွာ မခံစားရခြင်း၊ ဆေးရုံတက်ရောက်ရခြင်းတွေကနေ ရှောင်လွှဲနိုင်တယ်။ သေဆုံးမှုအထိ မဖြစ်နိုင်ပါဘူး။ ( ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး )

 
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ပြန်လည်ဖြစ်ပွားလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၇၄ မြို့နယ်ကို stay at Home အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဆက်သွယ် မေးမြန်းထား သည်များကို ပြည်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်။
မေး။ ။ အခုတတိယလှိုင်းမှာ ဖြစ်ပွားနှုန်းများလာတဲ့အပေါ် ဝန်ကြီးဌာနအနေနဲ့ ကာကွယ် ထိန်းချုပ်နိုင်အောင် ဘယ်လိုဆောင်ရွက် သွားမယ်ဆိုတဲ့ အစီအစဉ်တွေကို ပထမဆုံး သိပါရစေ ။
ဖြေ။ ။ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကနေ့စဉ်မြင့်တက်နေပါတယ်။ စစ်ဆေးနိုင်မှု တွေများလာတာနဲ့ တစ်ပြိုင်တည်းမှာ တွေ့လူနာလည်း တက်လာပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပိုးတွေ့မှု အများဆုံးကို ကြည့်မယ်ဆိုရင် ဇူလိုင်လပထမနှစ်ပတ်အတွင်း ပဲခူးတိုင်းဒေသကြီးကတော့ ပိုးတွေ့မှုအများဆုံး ဒုတိယက ရန်ကုန်တိုင်းဒေသကြီး၊ တတိယက ဧရာဝတီတိုင်း ဒေသကြီးနဲ့ စတုတ္ထက စစ်ကိုင်းတိုင်း ဒေသကြီးပါ။
အခုလက်ရှိအနေအထားအရ လောက်ကိုင်က တော့ ပိုးတွေ့လူနာအများဆုံး၊ ဒုတိယကတော့ ပုသိမ်၊ တတိယကတော့ မင်္ဂလာဒုံမြို့နယ်ဖြစ်ပါတယ်။ ဒီလိုပိုးတွေ့မှု မြင့်တက်လာတာနဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိုလည်း ပိုပြီးတင်းတင်း ကျပ်ကျပ် ဆောင်ရွက်ရပါတယ်။
ဒီနေရာမှာ ပိုးတွေ့တဲ့သူ သံသယလက္ခဏာ ရှိပြီဆိုတာနဲ့ ကိုယ်နေထိုင်ရာ ဒေသန္တရမြို့နယ် ကျန်းမာရေးဌာနကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ အဲဒီကို ဆက်သွယ်လိုက်ရင် ဘယ်မှာ သွားပြီးတော့ စစ်ရမယ်ဆိုတာကို ပြောမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်မှာ စစ်ဆေး နိုင်တဲ့နေရာ ၉ နေရာ၊ အနောက်ပိုင်းခရိုင် မှာ (၆)နေရာ၊ တောင်ပိုင်းဆိုင်မှာ (၉)နေရာ၊ ရန်ကုန် မြောက်ပိုင်း ခရိုင်မှာ (၈)နေရာမှာ စစ်ဆေးနိုင်အောင် လုပ်ထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ စုစုပေါင်း စစ်ဆေးနိုင်တဲ့နေရာ(၃၂)နေရာ ရှိပါတယ်။ ပြီးတော့ လမ်းမတော်၊ လသာ၊ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့ထဲမှာဆိုရင် မြို့နယ်ကျန်းမာရေး ဌာနရုံးက နေရာအခက်အခဲ ရှိတဲ့အတွက်ကြောင့် သူနာပြုတက္ကသိုလ်ရန်ကုန်မှာ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးမှူး ထောက်ခံချက်နဲ့ ကိုဗစ်သံသယလက္ခဏာရှိသူတွေ၊စစ်ဆေး ချင်တဲ့သူ တွေကို စစ်ဆေးပေးတာတွေရှိပါ တယ်။ ပိုမတွေ့ဘူးဆိုရင် အိမ်မှာပဲ Home Quarantine နေဖို့အတွက် ဆက်လက်ညွှန်ကြားပါတယ်။ ။
Positive ဆိုရင်တော့ လူနာရဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ ကိုဗစ်စင် တာတွေကို ညွှန်းပို့မှာ ဖြစ်ပါတယ်။ ရောဂါ လက္ခဏာပြင်းထန်ရင်တော့ ဆေးရုံကြီးတွေကို ချက်ချင်း လွှဲပြောင်းပြီးတော့ ကုသပေးမယ်။ ဒီလို နည်းအားဖြင့် ဆောင်ရွက်ပါတယ်။ ။
ရန်ကုန်တိုင်းမှာဆိုရင် Treatment Center တွေ တိုးချဲ့ဆောင်ရွက်နေတာတွေ ပါတယ်။ ရိုးမရိပ် သာဆိုရင် လူနာ ၁၉၂၀ ရှိနိုင်ဖို့အတွက်ဆောင်ရွက်နေတယ်။ ဇူလိုင် ၁ ရက်နေ့က ဖွင့်လှစ် တာဖြစ်တယ်၊ လူ ၁၀၀၀ စာကတော့ အဆင်သင့် ဖြစ် နေပါတယ်။ အခုပြောတဲ့ဟာတွေ ကတော့ ကုသရေးစင်တာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာ မဆိုတဲ့သူတွေကိုကုဖို့ လှိုင်စင်တာမှာ လူ ၅၀။ အသင့်အတင့် ရောဂါလက္ခဏာရှိတဲ့ သူတွေကုဖို့ အင်ယားစင်တာမှာ လူ ၅၀၀ အောက်ဆီဂျင် ကိုလည်း ခုတင် ၁၀၀ စာအတွက် ပြင်ဆင်ထားပါတယ်။ MCC မှာလည်း ရောဂါလက္ခဏာ မဆိုးတဲ့ လူတွေ၊ အသင့်အတင့်ရှိတဲ့လူတွေထားတာ ဖြစ် တယ်။ ကိုဇဗစ်လူနာ positive သုံးထောင်ကျော် ထားဖို့ ပြင်ထားပါတယ်။ အခုနောက်ပိုင်းမှာ ထပ်တိုးချဲ့တာနဲ့ဆိုရင် ကိုဗစ်လူနာတွေ လေးထောင်ကျင်အတွက် ပြင်ဆင်ထားပါတယ်။ သက်ဆိုင်ရာမြို့နယ် ကိုဗစ်ကော်မတီကြီးကြပ်မှုနဲ့ Quarantine Centre လုပ်ထားတာတွေရှိပါတယ်။ ဒီနေရာမှာ ပြည် သူတွေသိရမှာက Quarantine Centre ဆိုတာ ရောဂါပိုးတွေ့ရှိတဲ့သူတွေနဲ့ ထိတွေ့မှုရှိနိုင်တဲ့ အတွက်ကြောင့် ထားတာဖြစ်ပါတယ်။ သူတို့ဟာ ရောဂါပိုးရှိနေနိုင်တယ် လို့ ယူဆပြီးတော့ သူတို့ကိုစစ်ဆေးမယ်။ စစ်ဆေးလို့ ပိုမတွေ့လည်း လိုအပ်ချက်အရ Quarantine Centre မှာ သတ်မှတ်ရက်အတိုင်း ထားရတာ ဖြစ်ပါတယ်။ ဒါကို ပိုးတွေ့လူနာနဲ့ မရောထွေးစေချင်ပါဘူး ။
မေး။ ။ကိုဗစ် ကူးစက်မှုက လျင်မြန်တဲ့အတွက် Double Mask တပ်ဖို့ ပြောဆိုနေကြ တာတွေလည်း ရှိပါတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ လည်း အသိပညာမျှဝေ ပေးစေလိုပါတယ်။
ဖြေ။ ။ ။ Double Mask တပ်ဖို့ တချို့ နေရာတွေမှာနှိုးဆော်တာတွေလည်း ရှိပါတယ်။ အဓိက ကို ဗက်-၁၉ ကာကွယ်ထိန်းချုပ်ဖို့ ဆိုတာ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ အဲဒီထဲမှာမှ Mask တပ်တယ်ဆိုတာကတော့ ကိုဗစ်-၁၉ကာကွယ်ဖို့အချက်တွေထဲက တစ်ချက်ဖြစ်တယ်။ Mask တပ်ရုံနဲ့ မလုံလောက်ဘူး။ လက်ကိုသန့်ရှင်းအောင် ထားမယ်၊ လက်ကို မကြာခဏ ဆေးမယ်။ လူစုလူဝေးရှောင်မယ်၊ တစ်ယောက်နဲ့တစ်ယောက် ဝေဝေးနေမယ်။ ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးမယ် ဒါတွေကိုလိုက်နာရမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူ့ ကျန်မာရေးရောဂါ ကူးစက်မှုကနေ ကာကွယ် လျှော့ချဖို့အတွက် နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ Mask၊ Surgical Mask 95 ဆိုပြီး အမျိုးမျိုးရှိတယ်။
Double Masks တပ်တာကောင်းကျိုးနှစ်ချက်ရှိပါတယ်။ ပထမအချက်အနေနဲ့ Double Mask တပ်လိုက်တဲ့အတွက် မျက်နှာနဲ့ Mask ဟာ အံဝင်ခွင်ကျဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ နှစ်ထပ် တပ်လိုက်တဲ့အတွက် ရောဂါပိုးမွှားတွေကို စစ်ထုတ်နိုင်စွမ်းပိုများပါတယ်။ နှစ်ထပ်တပ်ဖို့ CDC က ဘယ်လိုပြောသလဲဆိုတော့ Surgical Mask ကိုတပ်ပြီးတော့မှ အပေါ်အဝတ် Mask ကို တပ်ပါလို့ ပြောထားပါတယ်။ WHO အနေနဲ့ ကတော့ နှစ်ထပ်တပ်ဖို့ကိစ္စကိုတော့သေသေချာချာ ညွှန်းထားတာတော့ မရှိပါဘူး။ အမျိုးအစားတူတဲ့ Mask ကိုနှစ်ထပ်တပ်လို့မရပါဘူး၊ kn 95၊ N 95 Masks တွေကို အခြား Mask တွေနဲ့ ရောတပ်လို့မရပါဘူး၊ သူတို့ကျတော့ တစ်ထပ်တည်းပဲ တပ်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တပ်မယ်ဆိုရင် အပြင်မထွက်ခင် ကိုယ့်အိမ်မှာ အရင်စမ်းပြီးတော့ တပ်ကြည့်ပါ။ ကိုယ်အသက်ရှူရတာ ကောင်ရဲ့လား၊ ကိုယ်အား စိုက်ပြီးတော့ အသက်ရှူနေရသလား စသဖြင့် စမ်းသပ်ဖို့လိုပါတယ်။ Mask တစ်ထပ်တည်း တပ်ရုံနဲ့ ကာကွယ်မှု ကောင်းကောင်းကြီး ရပါတယ်လို့ ပြောပါတယ်။
Double Mask ကို ဘယ်ချိန်မှာ တပ်လို့ ရမလဲဆိုရင် ဈေးဝယ်ထွက်တဲ့အခါတွေမှာ တပ်သင့်ပါ တယ်။ လူတွေနဲ့ အများကြီးထိတွေေ့မှုတွေဖြစ်နိုင်ပြီးတော့ အဲဒီလူတွေထဲမှာ ရောဂါပိုး ရှိပြီးတော့ ရောဂါလက္ခဏာမပြတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာရှိပြီးတော့ လျှောက်သွားတဲ့ သူတွေလည်း ရှိတဲ့အတွက်ကြောင့် တပ်သင့်ပါတယ်။
နောက်တစ်ခါ ကိုယ်နေမကောင်းလို့ ဆရာဝန်ကိုသွားပြတဲ့အခါမျိုးတွေ၊လေယာဉ်၊ ရထား တို့ နဲ့သွားလာတဲ့အခါမှာ ဆိုရင်၊ အပြင်ထွက်မယ်ဆိုရင် တပ်သင့်ပါတယ်။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် နီးကပ်မှုရှိနေတဲ့ လုပ်ငန်းမျိုး၊ အလုပ် မျိုး၊ ဒီလိုလုပ်ငန်းခွင်တွေဆို တင်သင့်ပါတယ်။ အဓိကကတော့ လူတိုင်း Double Mask တပ်ရ မယ်ဆိုတဲ့ သတ်မှတ်ချက် မျိုးမဟုတ်ပါဘူး။ Mask တစ်ထပ်တည်းတပ်ရင် ရာခိုင်နှုန်း ၅၀ ကျော်နဲ့ ၆၀ အကြား ကာကွယ်တယ်။ Mask နှစ်ထပ်တပ် ရင် ၈၀ ရာခိုင်နှုန်း ကျော် ကာကွယ်တယ် စသဖြင့် ဒါတွေက စမ်းသပ်မှုကနေ လုပ်ထားတာ ဖြစ်ပါ တယ်။ Mask တစ်ထပ်ကို သေသေချာချာ စနစ်တစ်ကျ သေချာတပ်မယ်ဆိုရင် ကာကွယ်မှုရ ပါတယ်။
ကိုယ်က Mask နှစ်ထပ်တပ်ထားတယ် ၊ လုံခြုံ တာပဲဆိုပြီး ရောဂါပိုးကူးစက်နိုင်တဲ့အခွင့်အလမ်း တွေကို လုပ်မိသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ Mask နှစ်ထပ်တည်သင့်သလား ကိစ္စ ကတော့ နှစ်ထပ်တပ်ရင်တော့ ကောင်းပါတယ်။ သို့သော်ပုံမှန်အားဖြင့် တစ်ထပ်တည်းနဲ့ လုံလောက် ပါတယ်။
မေး။ ။ ကာကွယ်ဆေးအနေနဲ့ ရုရှားနဲ့တရုတ်ကနေ ၇ သန်း ရောက်မယ်လို့သိရှိရတဲ့ အတွက် ပြည်သူတွေကို ဘယ်လိုထိုးနှံပေးသွားမယ် ဆိုတဲ့ အခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ။ စတုတ္ထအပတ်ထဲမှာ ကာကွယ်ဆေး (၁)သန်းရောက်ဖို့ရှိပါတယ်။ နောက်လ ပထမပတ် မှာ ကာကွယ်ဆေး၃ သန်းရောက်ဖို့ ရှိပါ တယ်။ စုစုပေါင်းအနေနဲ့ ကာကွယ်ဆေးက ရှေ့အပတ်လကုန်ပြီးတာနဲ့ ၄ သန်းလောက်ရဖို့ ရှိပါတယ်။ သြဂုတ်လမကုန်ခင်မှာ နောက်ထပ် ၂ သန်း ထပ်ရောက်ဖို့ ရှိပါတယ်။ ကျွန်မတို့ ဝယ်ထားတာ ၄ သန်း ဖြစ်ပါတယ်။ နေက်ထပ် ၂ သန်းကတော့ လှူဒါန်းတာဖြစ်ပါတယ်။ သြဂုတ် လ ပထမပတ်နှင့်မကုန်ခင်လောက်မှာတင် ၆သန်း ရရှိနိုင်ဖွယ် ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူဦးရေ ၃သန်းကို ကာကွယ်နိုင်မယ့် အာနိသင်ရ မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ။
ကာကွယ်ဆေးတွေ ရလာပြီးဆိုတာနဲ့ အမြန်ဆုံး ထိုးနှံဖို့အတွက်လည်း အခုကတည်းက ကာကွယ်ဆေးကို ဘယ်လိုလူတွေကို ထိုးနှံပေးမယ်။ ထိုးနှံပေးမယ့် သူတွေကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် မြို့နယ်အလိုက် ဘယ်လိုတွေ စာရင်း ကောက်ယူမယ် စသည်ဖြင့် ဒါမျိုးတွေကအစ စီစဉ် ဆောင်ရွက်နေပါပြီ။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အိုင်တီနည်းပညာ သုံးပြီး ဆောင်ရွက်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါ တယ်။ ကူးစက်ခံရမှုများနိုင်တဲ့သူတွေ၊ ကူးစက်ခံရရင် သေဆုံး နိုင်တဲ့အထိ ရောဂါပြင်းထန်တဲ့သူတွေ၊ အများနဲ့ ဆက်ဆံရတဲ့သူတွေကို ဦးစားပေး ထိုးနှံမှာ ဖြစ်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ဘဏ် တွေ၊ စက်ရုံအလုပ်ရုံတွေမှာလုပ်တဲ့ ဝန်ထမ်းတွေ သူတို့က အများနဲ့ဆက်ဆံနေရတယ်။ အများနဲ့ဆက်ဆံရတဲ့အတွက်ကြောင့် ဦးစာပေးရမယ်။ ဒါ့အပြင် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍမှာ ဆောင်ရွက်နေတဲ့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေ သူတို့ကိုလည်း ဦးစားပေးထိုးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ကာကွယ်ကုသရေး ပါဝင်ဆောင်ရွက်နေကြတဲ့ Volunteer တွေ၊ ဒါ့အပြင် ရောဂါဖြစ်ပွားလို့ရှိရင် အစုလိုက် အပြုံလိုက် ဖြစ်ပွားမှုဖြစ်စေနိုင်တဲ့အကျဉ်းထောင်တွေ၊ ဘိုးဘွားရိပ်သာ တွေကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ယေဘုယျအားဖြင့် ပြောပြတာပါ။ စနစ်တကျ ထိုးနှံ ပေးနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။
မေး။ ။ မြန်နိုင်ငံသားတွေအတွက် ကာကွယ်ဆေးကို ဘယ်လိုရွေးချယ်တယ်ဆိုတာ လည်း သိချင်ပါတယ်။
ဖြေ။ ။အချက်၃ ချက်နဲ့ ကြည့်ပါတယ်။ ပထမအချက်ကတော့ WHO က အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေ၊ နံပါတ်နှစ်အချက်ကတော့ ထုတ်လုပ်တဲ့ နိုင်ငံကနေ Food and Drug Administration ခွင့်ပြုထားတဲ့ ကာကွယ်ဆေးလား၊ နံပါတ်သုံး အနေနဲ့ကတော့ ထုတ်လုပ်တဲ့ နိုင်ငံကနေ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ် ဆေးလား ဆိုတာပါ။ ဒီအချက်သုံးချက်မှာ တစ်ခုခုနဲ့ ကိုက်ညီမှသာ မြန်မာနိုင်ငံက ပြည်သူတွေ အတွက် အသုံးပြုတဲ့ ကာကွယ်ဆေးအဖြစ် ရွေးချယ်တာ ဖြစ်ပါတယ်။ လက်ရှိမှာ WHO က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးကတော့ ၈ မျိုးရှိပါတယ်။ ။
ကာကွယ်ဆေးက လူ ၁၀၀ ထိုးရင် ၁၀၀လုံးမှာ ကာကွယ်နိုင်မှု မရဘူးလား၊ ကာကွယ်နိုင်မှု မရပါဘူး။ ဘယ်ကာကွယ်ဆေးမှှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်ဆိုတာမရှိပါဘူး။ ဥပမာ နှစ်စဉ် ထိုးနေကျ ရာသီတုပ်ကွေး ကာကွယ်ဆေးဆိုရင် ၅၀ ရာခိုင်နှုန်ဝန်းကျင်ပဲ ကာကွယ်နိုင်ပါတယ်။ ဒါလေးကို သိဖို့လိုပါတယ်။
ကာကွယ်ဆေးထိုးထားတဲ့ သူ့အနေနဲ့ ရောဂါ ပိုးကူးစက်ခံရဘူးလားဆိုရင် ကူးစက်ခံရနိုင်ပါ တယ်။ သို့သော်ကူးစက်ခံရပေမယ့် ရောဂါပြင်းထန်စွာ မခံစားရခြင်း၊ ဆေးရုံတက်ရောက် ရခြင်း တွေ ကနေ ရှောင်လွှဲနိုင်တယ်။ သေဆုံးမှုအထိမဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ WHO ကနေ အချက် ၄ ချက်နဲ့ပြောထားပါတယ်။ အခုလက်ရှိမှာ ကိုဗစ်-၁၉ ကမ္ဘာပေါ်မှာ ကူးစက်ပြန့်ပွား မှုများနေတယ်။ အဓိက အကြောင်း ၄ ချက်မှာ နံပါတ် ၁ အချက်က ဗီဇ မျိုးကွဲတွေ ထွက်ပေါ်လာလို့လည်း ဖြစ်ပါတယ်။ နံပါတ်၂ ကတော့ တစ်နှစ်ကျော် တစ်နှစ်ခွဲလောက် ဖြစ်လာတဲ့အခါမှာ လူတွေက ငြီးငွေ့လာကြတယ်၊ စည်းကမ်းတွေလိုက်နာမှု အားနည်း လာတယ်။ Social Mixing တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေတာ၊ တစ်ယောက်နဲ့ တစ်ယောက်အုပ်စုဖွဲ့ စားသောက် တာ၊ ပြောဆိုတာ၊ ခရီးတွေသွားတာလာတာတွေ ကလည်း များလာတဲ့အတွက် ပိုးကူးစက်သူ တစ်ယောက်ရှိတယ်ဆိုရင် ဒီတစ်ယောက်ကနေ တခြားလူကို ကူးစက်နိုင်တဲ့ ပမာဏလူဦးရေက လည်း များလာတယ်။
နံပါတ် ၃ အချက်အနေနဲ့ ပြည်သူတွေက ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာမှု အားနည်းတာပါ။ ဥပမာဆိုရင် အခု Stay at Home မြို့နယ်တွေ သတ်မှတ် ထားပါတယ်။ Stay at Home မြို့နယ်တွေဆိုရင် အိမ်မှာပဲနေပါ။ နေပါဆိုပေမယ့် အုပ်စုဖွဲ့ ထွက်တာမျိုးတောင်ရှိနေ တယ်။ ဒါတွေဟာ ရောဂါပြန့်ပွားမှု ဖြစ်ပွားမှုကို များစေတဲ့ အကြောင်း ရင်း ဖြစ်ပါတယ်။ ။
နံပါတ်လေး အချက်ကတော့ ကာကွယ်ဆေးရရှိ မှုမညီမျှတာပါ။ ချမ်းသာတဲ့နိုင်ငံက သူ့တို့နိုင်ငံရဲ့ လူဦးရေနှစ်ဆလောက် ကာကွယ်ဆေးတွေ ဝယ်ထားပြီးတော့ ပိုလျှံလို့တောင် အခြားနိုင်ငံတွေ ကို ပေးပို့နေရတယ်။ သူတို့နိုင်ငံတွေမှာလည်း ကာကွယ်ဆေးထိုးနှံမှုက ၅၀ ရာခိုင်နှုန်းကျော်တွေ ရှိလာပြီ။ ဒီလိုအခြေအနေမှာ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှု အားနည်းတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးရရှိမှု ၁ ရာခိုင်နှုန်းတောင်မရှိပါဘူး။ အဲဒီလို ကာကွယ် ဆေးရရှိမှုမညီမျှတာကြောင့် ရောဂါဖြစ်ပွားမှု၊ အစုလိုက် အပြုံလိုက်ဖြစ်ပွားမှု ရှိနေဆဲဖြစ်တာလို့ WHO ကပြောထားပါတယ်။
ဒါကြောင့်မို့ ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေး ရတဲ့သူတွေအနေနဲ့ ထိုးနှံဖို့ရပြီဆိုတာနဲ့ မပျက် မကွက်ထိုးနှံပါလို့ပြောချင်ပါတယ်။ တစ်ဆက်တည်း မှာပဲကာကွယ်ဆေးမထိုးနှံပြီးတဲ့သူရော၊ ထိုးနှံပြီးတဲ့သူတွေရော ကိုဗစ်စည်းကမ်းတွေကို အထူးဂရုစိုက် ပြီးတော့ လိုက်နာပါ။ ဒီစည်းကမ်း တွေကို ဘယ်သူ အတွက်ဆိုရင် မိမိအတွက်၊ ပြည်သူတွေအတွက်ပါ ပဲ။ စည်းကမ်းနဲ့အညီ လိုက်နာမှသာ မကူးစက်တော့မှာပါ။
မေး။ ။ တချို့က Positive လူနာတွေကိုပြန်လွှတ်တယ်ဆိုပြီး ပြောဆိုနေကြ တာလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်မှုမဖြစ်ပေါ်စေဖို့ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာလည်း သိရှိလိုပါတယ်။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း Stay at Home မြို့နယ် (၇၄) မြို့နယ်ကို လိုအပ်ချက် ပေါ်မူတည်ပြီးတော့ ထုတ်ပြန်ပါတယ်။ Stay at Home မြို့နယ်တွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေလိုက်နာရမှာ ဖြစ်ပါတယ်။Stay at Home မြို့နယ်တွေဟာ Lock Down မဟုတ်ပါဘူး။ ဒါလေးကိုလည်း သိဖို့လိုပါ တယ်။ လူတွေအတွက် လိုအပ်တဲ့ အခြေခံအချက် တွေကတော့ ဆောင်ရွက်ဖို့အတွက် ခွင့်ပြုထားပါ တယ်။
တည်ငြိမ်မှုကို မလိုလားတဲ့ ဝိသမလောဘ သမားတွေရှိပါတယ်။ ဆေးဆိုင်တွေ ပိတ်တယ် စသည်ဖြင့် သတင်းမှားတွေဖြန့်ပြီး အခွင့်အရေး ယူချင်တဲ့သူတွေရှိပါတယ်။ ကျွန်မတို့ ဆေးဆိုင်တွေ၊ ဆေးခန်းတွေ၊ မပိတ်ခိုင်းပါဘူး။ Stay at Home မြို့နယ်တွေကလည်း Stay at Home စည်းကမ်း တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ ၇၄ မြို့နယ် Stay at Home ထုတ်တာ ဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့ ၂၅၆ မြို့နယ်ကလည်း ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို အတိအကျ လိုက်နာဖို့လိုပါ တယ်။
ပိုးတွေ့လူနာတွေ သံသယလက္ခဏာ မိမိမှာ ရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် သက်ဆိုင် ရာမြို့နယ်ကျန်းမာရေးဌာနကိုဆက်သွယ် ပါ။ လူနာကိုယ်တိုင်ဆက်သွယ်စရာ မလိုပါဘူး။ လူနာမိသားစုဝင်တွေက ဖုန်းနဲ့ဖြစ်ဖြစ်၊ ဒါမှ မဟုတ် တခြားတစ်ယောက်ယောက်ကို ဆက်သွယ်ခိုင်းပြီး တော့ ရပါတယ်။ လိုအပ်တဲ့လမ်းညွှန်ချက်တွေပေး ပြီးတော့ စစ်ဆေးပြီးလို့ ပိုးတွေ့ရင်လည်း တွေ့တဲ့ အလျောက် ဆေးကုသရေးစင်တာတွေ၊ လိုအပ်ရင် ဆေးရုံတွေကို ပို့သ ကုသပေးမှာ ဖြစ်ပါတယ်။
ဒီရောဂါသည် ကမ္ဘာ့ကပ်ရောဂါဖြစ်တယ်။ ရောဂါဖြစ်တဲ့သူကို ကုသရုံနဲ့ မပြီးဘူး၊ ရောဂါဖြစ်တဲ့ သူတွေနဲ့ ထိတွေ့မှုရှိတဲ့သူတွေကို လိုအပ်တဲ့စစ်ဆေး မှုတွေ၊ Quarantine တွေ၊ ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆေးရုံကို တိုက်ရိုက်သွား ဖို့ထက်စာရင် အဆင့်အတိုင်းသွားဖို့ လိုပါတယ်။ ဒီနေရာမှာလည်း တချို့တွေက အိမ်မှာပဲ ကျိတ်ကု ပြီးတော့ ဆိုးလာမှ ဆေးရုံသွားတာမျိုးတွေ မဖြစ် သင့်ပါဘူး။
ဒီနေရာမှာ ဆေးရုံတက်ပေမယ့် ဆေးရုံက လက်မခံဘူး စသဖြင့် ဒါမျိုးတွေလည်း ကြားရပါ တယ်။ တချို့တွေဆိုရင် မလိုအပ်ဘဲအောက်ဆီဂျင် ဘူးတွေ ဝယ်ယူထားတယ်။ ဒီနေရာမှာ ရောဂါရဲ့ သဘောသဘာဝကို သိမယ်ဆိုရင် ဒီလောက်ထိ စိုးရိမ်စရာ မလိုဘူးဆိုတာကို သိစေချင်ပါတယ်။
ကိုယ့်ဘာသာကိုယ် အိမ်မှာ အောက်ဆီဂျင် ပေးလို့မရပါဘူး။ အောက်ဆီဂျင် ပေးတယ်ဆိုတာ ကျန်းမာရေးဝန်ထမ်းက လူနာရဲ့ အသက်အရွယ်၊ ခံနိုင်ရည်၊ သူ့ရဲ့ နောက်ခံရောဂါ၊ လက်ရှိ ခံစားနေရ တဲ့အနေအထား၊ လက်ရှိသူ့ထဲမှာ ရှိနေတဲ့အောက်ဆီဂျင် Level၊ သူ့သွေးထဲမှာ တခြားသော ဓာတ်တွေရဲ့ သဘောသဘာဝ ဒါတွေအကုန်လုံးကို ချိန်ညှိပြီးတော့မှ လိုအပ်သ လောက် ပေးရတာဖြစ်ပါ တယ်။
ဒီနေရာမှာ ရောဂါပိုးကပ်တွယ်ခံရတဲ့သူတွေ ကူးစက်ခံရတဲ့သူတွေ ၈၀ ရာခိုင်နှုန်းဟာ ရောဂါ လက္ခဏာမပြပါဘူး။ တချို့တွေဆို သာမန်လောက် သာခံစားရပါတယ်။ ဒီဟာတွေက သူတို့တွေ သေသေချာချာ အိပ်ရေးဝအောင်အိပ်မယ်၊ အစား အသောက်ကို အာဟာရပြည့်ဝအောင် စားမယ်၊ စိတ်သောကတွေလျှော့မယ်၊ နောက်ရေဓာတ်ခန်းခြောက်မှုမဖြစ်အောင် လိုအပ်တဲ့ ရေသောက်မယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်ဆိုရင် ဓာတ်ဆားသောက်မယ်။ နဂိုကရောဂါအခံ ရှိတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါရှိရင် ဒါနဲ့ပတ်သက်လို့ သေချာကုသမှု ခံယူမယ်။
ဒီလိုနည်းလမ်းအတိုင်း မသွားဘဲနဲ့ မိမိအိမ်မှာပဲ နေမယ်။ ကိုယ့်ဘာသာကိုယ် အောက်ဆီဂျင်တွေ ဝယ်မယ်၊ အောက်ဆီဂျင်တွေရှူခိုင်းမယ်၊ ဒီနေရာမှာ ကိုယ့်ဘာသာ အောက်ဆီဂျင်တွေပေးပြီး အောက်ဆီဂျင်တွေ ရှူခိုင်းလို့ရတယ် ဒီလောက်တောင်လွယ်နေတယ်ဆိုရင် ကမ္ဘာပေါ်မှာ လူ သိန်း ၄၀ ကျော် မသေပါဘူး။ ကိုဗစ်-၁၉ ကုသဖို့ အောက်ဆီဂျင်တစ်ခုတည်းနဲ့ မဟုတ်ဘူး။ သူ့ရဲ့ နောက်ဆက်တွဲ ရောဂါတွေပေါ်မှာ မူတည်ပြီး ကုသပေးရတာဖြစ်ပါတယ်။ နဂိုကရောဂါအခံရှိတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ သေချာကုသ ရပါမယ်။ အစားအသောက်တွေကိုလည်း အာဟာရပြည့် အောင်စားမယ်၊ ရေဓာတ်ခန်းခြောက်မှုမရှိအောင် သေချာလုပ်မယ်။ အိမ်မှာနေလို့ ကြာနေတယ် ဆိုရင် ရောဂါပိုးက တိုက်ခိုက်တဲ့အတွက်ကြောင့် အဆုတ် မှာ အမာရွတ်ဖြစ် ပြီးတော့ အောက်ဆီဂျင်တွေ အများကြီးပေးတာ မရနိုင်တဲ့အတွက်ကြောင့်မို့ စောစောစီးစီး ဆက်သွယ်ကုသဖို့ လိုပါတယ်။
ရောဂါလက္ခဏာ ရုတ်တရက် ပြင်းထန်တယ်၊ အောက်ဆီဂျင်ကျတယ်ဆိုရင် သက်ဆိုင်ရာ ဆေးရုံတွေက ကုသဖို့ အတွက် ညွှန်ကြားထားပြီးဖြစ်တယ်။ သူတို့ရဲ့ လက်ခံမှုအပေါ်မှာ မူတည်ပြီးတော့ လိုအပ် တဲ့ ကုသမှုတွေပေးမှာ ဖြစ်ပါတယ်။
ရောဂါပိုး ကူးစက်ခံရတာ ကြာတယ်ဆိုရင် အဆုတ်တွေက အမာရွတ်တွေဖြစ်ပြီးတော့ ကျွန်မ တို့ ဘယ်လောက်ပဲ အောက်ဆီဂျင်ပေးပေး သူတို့ လက်ခံနိုင်စွမ်းလည်း မရှိတော့ပါဘူး။ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုလည်း ပြန်ထုတ် နိုင်စွမ်းမရှိတော့ဘဲ အသက်ဆုံးရှုံး တတ်ပါတယ်။
အိမ်မှာပဲနေပြီး အောက်ဆီဂျင်ပေး၊ ဆိုးတော့မှ ဆေးရုံတက်ရောက်မယ်ဆိုရင် လူနာအတွက် ကုသ မှုမှာ နောက်ကျနိုင်ပါတယ်။ ဆေးရုံတွေမှာလည်း ရှိတဲ့ လူအင်အားနဲ့ သူတို့အကောင်းဆုံး လုပ်ဆောင် နေတာဖြစ်တဲ့အတွက်ကြောင့် အကန့်အသတ်ရှိပါ တယ်။ အထူးသဖြင့် ဆေးရုံတွေ သည် အောက်ဆီဂျင် ပေးရဖို့ လိုတဲ့သူတွေ၊ ပြင်းထန်တဲ့ ဝေဒနာခံစား နေရတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ နောက်ခံ ရောဂါရှိတဲ့သူတွေထားတာဖြစ်တဲ့အတွက်ကြောင့် အများအား ဖြင့် သူတို့တွေက လူနာခုတင်အနေနဲ့ အကန့်အသတ်ရှိတာမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး အခက်အခဲ မဖြစ်စေချင်တာမို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပြီး လိုအပ်တဲ့ ကုသမှုတွေခံယူမယ်ဆိုရင်တော့ ရောဂါနည်းနည်း ပါးပါးဖြစ်တဲ့သူက ပြန်ပြီးကောင်း သွားနိုင်ပါတယ်။ ရောဂါ အသင့်အတင့်ရှိတဲ့သူက တဖြည်းဖြည်းနဲ့ သက်သာသွားနိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့သူကလည်း ရောဂါပြင်းထန်တာကနေ တဖြည်းဖြည်းလျော့လျော့ပြီးတော့ ပျောက်ကင်းတဲ့အထိ ဖြစ်နိုင် ပါတယ်။ ။
ဒီနေရာမှာ ကျွန်မတို့အနေနဲ့ အောက်ဆီဂျင် တွေကို ရရှိဖို့အတွက် ဆောင်ရွက်ထားတာတွေ လည်း ရှိပါတယ်။ အခုဆိုရင်လည်း တရုတ်နိုင်ငံကအောက်ဆီဂျင်တွေလည်းမှာထားတယ်၊ မြဝတီက နေလည်း အောက်ဆီဂျင်တွေ အခုရောက်နေပါပြီ။ လေယာဉ်နဲ့ သယ်ဖို့ကိစ္စတွေလည်း ရှိပါတယ်။
အောက်ဆီဂျင်အရည်တွေကို တန် ၂၀ ဆံ့တဲ့ ကား တွေ နေ့တိုင်း ၂ စီးနဲ့ ၃ စီးဝင်ဖို့ ရှိပါတယ်။ အစီး ၄၀ လောက် ဝင်ဖို့ရှိပါတယ်။ အခုဆိုရင်လည်း ကားတွေဝင်နေပြီး နောက်ထပ်လည်း ဝင်လာမယ်။ ဒီနေ့ဆိုလှိုင်သာယာ၊ မြောက်ဥက္ကလာပနဲ့ ဝေဘာဂီ မှာဖြည့်တယ်။ ဒါတွေကလည်း အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုကြောင့်လည်း ပါဝင်ပါတယ်။
ဒီနေရာမှာ အောက်ဆီဂျင်တွေကို စနစ်တကျ သာ ကိုဗစ်ကုသရေးစင်တာတွေ ကိုဗစ်ဆေးရုံတွေ၊ ကိုဗစ်ကုသတဲ့ဆေးရုံတွေမှာသာလုံလောက်အောင် ပေးဖို့အတွက် စီစဉ်နေပါတယ်။ အဆုတ်မ ကောင်း တာ၊ ပန်းနာရင်ကြပ်၊ ကျောက်ကပ် မကောင်းတာ စသဖြင့် အောက်ဆီဂျင် ရှူနေရတဲ့ ရောဂါဝေဒနာရှင်တွေအတွက် အောက်ဆီဂျင်ရနေဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း ရရှိနိုင်ဖို့ အတွက် ပြင်ဆင်ဆောင်ရွက် နေပါတယ်။ ။
ဒီနေရာမှာ ရန်ကုန်သီလဝါက ၁၀ တန် ထုတ်နိုင်တဲ့ စက်တွေကလည်း ထုတ်လုပ်လျက် ရှိပါတယ်။ ဆေးရုံများမှာ ရှိတဲ့ Oxygen Plant စက်တွေကလည်း ထွက်တယ်၊ ဒါကို စနစ်တကျ ဖြန့်ဖြူးနိုင်ဖို့ လိုပါတယ်။ တတ်နိုင်တဲ့သူတွေက ( အောက်ဆီဂျင်တွေ အများကြီး ဝယ်စုထား တာ၊အောက်ဆီဂျင်အိုးတွေ သယ်ထားတာ စုထားတဲ့ ဟာတွေက လိုအပ်တဲ့အခါမှာ အခက်အခဲ တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကို ပြောချင်တာကတော့ အောက်ဆီဂျင် သည် သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတက်ရင် ဘေးဖြစ်ပါတယ်။ နှစ်ဖက်သွားဓားနဲ့ တူပါတယ်။ ဒါကြောင့် ကျွမ်းကျင် သူလက်ထဲမှာ ဆိုရင်တော့ အများကြီး အသက်တွေ ကယ်ပေး နိုင်ပေမယ့် မကျွမ်းကျင်တဲ့သူတွေ လက်ထဲမှာဆိုရင် ဒုက္ခတွေအများကြီးတွေ့နိုင်ပါ တယ်။
အောက်ဆီဂျင်ဆိုပေမယ့် ကုသရေးအပိုင်းမှာ သုံးတဲ့ သန့်စင်မှု ၉၉ ဒသမ ၅ ရှိတဲ့ အောက်ဆီဂျင် တွေရှိသလို စက်မှုလုပ်ငန်းသုံး အောက်ဆီဂျင်တွေ လည်းရှိပါတယ်။ သန့်စင်မှုနိမ့်တဲ့ စက်မှု လုပ်ငန်းသုံး အောက်ဆီဂျင်ကိုရှူမိရင်အန္တရာယ်ရှိတယ်။ အဆုတ် မှာ မှိုစွဲရောဂါဖြစ်ပြီး သေဆုံး တတ်ပါတယ်။ အောက်ဆီဂျင်ဟာ မီးလောင်လွယ်တဲ့အတွက် ထားသိုတာ စနစ်မကျဘူးဆိုရင် အန္တရာယ်များ ပါတယ်။
မေး။ ။ ပြည်ပပြန် မြန်မာနိုင်ငံသားတွေအတွက်စီစဉ်ထားတာကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ။ အခုလက်ရှိမှာဆိုရင်တော့ တခြားနိုင်ငံက ပြည်ပဝင်ရောက်မှုတွေကိုလည်း ပိတ်ပင်ထား ပါတယ်။ နယ်စပ်ကနေလည်း ပြည်တွင်း ဝင်ရောက်မှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။ Relief Flight နဲ့ ပြည်ပကနေ မဖြစ်မနေ ပြန်လာ မယ့် နိုင်ငံသားတွေအတွက်သာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖြစ်ပွားမှုများတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ကပြန်လာတဲ့သူဆိုရင် Quarantine ၁၄ ရက်ထား စောင့်ကြည့်စစ်ဆေးပါတယ်။ ရောက်တဲ့နေ့၊ ၃ ရက် နဲ့ ၁၁ ရက်မှာ စစ်ဆေးပါတယ်။ ပိုးမတွေ့မှသာ Quarantine ကနေ လွှတ်ပေးပါတယ်။
မေး။ ။ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉တတိယ လှိုင်းဖြစ်ပွားမှုက မြင့်တက်နေတဲ့အတွက် စိုးရိမ်ပူပန်မှုများပါတယ်။ ဒါကြောင့် ကူးစက်မြန်နေတဲ့ တတိယလှိုင်းမှာ ဘယ်လိုနေထိုင် ဆောင်ရွက်သင့် တယ်ဆိုတာကိုလည်း သိပါရစေ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် ဖြစ်ပွားမှုက တစ်နှစ်ခွဲ လောက်ရှိပြီဆိုတော့ ပိုးရဲ့ကူးစက်တတ်တဲ့ သဘော သဘာဝကိုတော့ တော်တော်သိနေပါပြီ။ ကိုဗစ်-၁၉ က လူစုလူဝေးဆိုရင် ကူးစက်လွယ်တယ်။ ပိုးရှိတဲ့ သူနဲ့ နီးနီးကပ်ကပ်ထိတွေ့တာမျိုး၊ လက်မဆေးတာ မျိုး၊ နှာခေါင်းစည်းမတပ်တာ ဒါတွေကတော့ အထူးကို ကူးစက်ဖို့အတွက် အခွင့်အလမ်းပေးသလို ဖြစ်နိုင်ပါတယ်။
ဒါတွေနဲ့ ဆန့်ကျင်ဘက် နှာခေါင်းစည်းတပ် တယ်။ လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာနဲ့ ဆေး တယ်။ လက်ကို သန့်ရှင်းအောင်ထားတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဝေးဝေးနေတယ်။ လူစုလူဝေး မသွားဘူး။ ချောင်းဆိုး၊ နှာချေတဲ့အခါ အုပ်ထားရင် ကူးစက်မှာကို ကာကွယ်ထား တာပါပဲ။ ဒီနေရာမှာ အရေးကြီးဆုံးက ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ဘယ်ကာကွယ် ဆေးက အကောင်းဆုံး လည်းဆိုတော့ မိမိကိုယ်ကို ထိုးနှံခွင့်ရတဲ့ ကာကွယ် ဆေးက အကောင်းဆုံးဖြစ်ပါတယ်။
မေး။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆောင်ရွက်သွားမယ့်ကာကွယ်၊ ထိန်းချုပ်ရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း သိရှိ လိုပါတယ်။
ဖြေ။ ။ ကိုဗစ်ကော်မတီမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိတဲ့ သူတွေပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်က ကျန်းမာရေးဦးစီးမှူးတွေပါတယ်။ ဆေးရုံ အုပ်တွေပါတယ်၊ လိုအပ်တဲ့အဖွဲ့အစည်း အသီးသီးကသူတွေ အကုန်ပါဝင်ပါတယ်။
သူတို့က နေမှ ဒီမြို့နယ် ဒီတိုင်းမှာ ကိုဗစ်ကုသရေးစင်တာ၊ ကိုဗစ်အတွက် Quarantine Centre လိုအပ်တဲ့ အခြေအနေနဲ့ ပြင်ဆင်တာတွေ ရှိပါတယ်။ ပိုးတွေ့ မစိုးရိမ်ရလူနာနဲ့ ပိုးတွေ့ အသင့်အတင့်လူနာ၊ ပိုးတွေ့ပြီး ဆေးရုံတက်ရောက်ရမယ့်လူနာ စသဖြင့် ဒါမျိုးတွေကို ထားနိုင် ဖို့အတွက် ပြင်ဆင်ထားရှိ တာတွေလုပ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် များတွင် လူစည် ကားတဲ့ ဈေး၊ စက်ရုံနှင့် အလုပ်ရုံ များတွင် Mask Campaing ပြုလုပ်ခြင်း၊ လက်ကိုင် စပီကာ များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့အပြင် stay at Home မြို့နယ်မှာဆိုရင် စည်းကမ်းတွေ စနစ်တကျသေချာလိုက်နာမှု ရှိ၊ မရှိဆိုတာ သေချာကြီးကြပ်ကွပ်ကဲဖို့ လိုအပ်ပါ တယ်။ တချို့နေရာတွေမှာဆိုရင် တစ်မိသားစု လုံး Quarantine လုပ်တယ်။ တချို့တွေကတော့ အိမ်မှာ Quarantine လုပ်တဲ့အခါမျိုးတွေ ရှိပါတယ်။ ဒါကတော့ သက်ဆိုင်ရာ ကိုဗစ်ကော်မတီ ဦးဆောင် ကြီးကြပ်မှု၊ စီမံခန့်ခွဲမှုအောက်မှာ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နေရာတွေမှာလည်း ဒီလိုပါပဲ။ ဒါဟာ လက်ရှိ ဖြစ်နေတဲ့ အကြောင်းအရာ တွေပေါ်မှာမူတည်ပြီး ဆောင်ရွက်ရတာဖြစ်တဲ့ အတွက်ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုဗစ်ကော်မတီ၊ မြို့နယ်ကိုဗစ်ကော်မတီ လက်ရှိ ရောဂါဖြစ်ပွားမှုပေါ်မှာ မူတည်ပြီး ဒါအကောင်း ဆုံး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူ တွေအနေနဲ့ စည်းကမ်းလိုက်နာဖို့ လိုပါတယ် ဆိုတာလေးကိုတော့ အထူးပြော ချင်ပါတယ်။
မေး။ ။ ပြည်သူတွေ သိရှိနိုင်စေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်းပြောကြား ပေးစေ လိုပါတယ်။
ဖြေ။ ။ကျွန်မတို့အကုန်လုံး ညီညီညွတ်ညွတ်နဲ့ပူးပေါင်းဆောင်ရွက်မယ်။ စည်းကမ်း လိုက်နာ မယ်ဆိုရင် ကိုဗစ်-၁၉ က ကြောက်စရာ မကောင်းပါဘူး။ သို့သော် ဒါဟာ ဂရုစိုက်စရာ မလိုပါဘူးဆိုပြီး ပေါ့ဆလို့မရပါဘူး။
ဒယ်လ်တာဗီဇပြောင်းပိုးဟာဆိုရင် ကမ္ဘာ့နိုင်ငံ ၁၁၁ နိုင်ငံမှာ ဖြစ်နေပါတယ်။ ရောဂါပိုး ကူးစက် မြန်ခြင်း အဓိကလက်သည်ကလည်း သူဖြစ်တယ်။ ကူးစက်ပြန့်ပွားမှုတွေမြန်တဲ့ ဗီဇပြောင်းပိုး တွေကို သူ့ရဲ့ ကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့က စည်းကမ်း တွေကို အထူးတလည် လိုက်နာဖို့ လိုအပ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရသူတွေရဲ့ ၃၃ ရာခိုင်နှုန်း ၃ ပုံ ၁ ပုံ ဟာဆိုရင် ခြောက်လအတွင်း သူတို့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားနိုင်တယ်။
ဘာတွေလဲဆိုတော့ မှတ်ဉာဏ်တွေ မကောင်းတာ၊ အာရုံစူးစိုက်လို့ မရတာ၊ ခေါင်းကိုက်တာ၊ မောပန်း လွယ်တာ၊ ကိုယ်ရဲ့ လုပ်ငန်းဆောင်တာ ပုံမှန် လုပ်ဆောင်တာတွေကို မလုပ်ဆောင် နိုင်တာ၊ မေ့တတ်တာ၊ အဆစ်အမြစ်တွေနာတာ စသဖြင့် နောက်ဆက်တွဲ ခံစားနိုင်ရတဲ့ အတွက်ကြောင့် ကျွန်မတို့ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ကို ပေါ့ဆလို့ မသင့်တော် ပါဘူး။
ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နှိမ်နင်းဖို့အတွက် တစ်ဦးတစ်ယောက်ထဲအားနဲ့ လုပ်လို့မရပါဘူး။ ပြည်သူတွေ တစ်ယောက်ချင်း တစ်ယောက်ချင်းက မိမိကိုယ်ကို ရောဂါမကူးစက်အောင် နေထိုင်ဖို့၊ ကိုယ်တိုင်ကစပြီး ရောဂါကာကွယ်ဖို့က အရေးကြီးသလို စည်းကမ်းတွေဟာ လိုအပ်ချက်ရှိလို့ မိမိတို့ အကျိုးအတွက် ချမှတ်ထားတာဖြစ်တဲ့အတွက်ကြောင့် စည်းကမ်းတွေကို ကျကျနနလိုက်နာဖို့ လိုတယ်ဆိုတာ ပြောချင်ပါတယ်။ ။
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း-သန်းမင်းအောင်(သတင်းစဉ်)