Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နိုင်ငံခြားသားများ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီ၏ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၁) ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၁၆

 

နိုင်ငံခြားသားများ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ Virtual format ဖြင့် ကျင်းပသည်။

ပြောကြား အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဆိုပါ အဖွဲ့အစည်း များနှင့်သာမက ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေပြီး အကူအညီများရယူရာတွင် ရှုထောင့်နှစ်ခုလုံးကို ထည့် သွင်း စဉ်းစားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် လက်မှတ်ရေး ထိုးထားသည့် နားလည်မှုစာချွန်လွှာများမှ တစ်ဆင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုများ၊ မှတ်ပုံ တင်မှု၊ အစီရင်ခံမှု၊ အကဲဖြတ်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို ဆွေးနွေး ကြသည်။

 

ထို့နောက် ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူးဖြစ်သူ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပိုမိုထိရောက်သော ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် မှုများအတွက် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များအား အကြံပြုတင်ပြကြသည်။

 

သတင်းစဉ်