နေပြည်တော် ဇူလိုင် ၁၆
ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင့် ပတ်သက်သည့် ပစ္စည်းများ တင်သွင်းမှု ချောမွေ့စေရေး၊ ရုံးပိတ်ရက် ကာလများအတွင်း အဆိုပါ ပစ္စည်းများ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် ဌာနအလိုက် လုပ်ထုံးလုပ်နည်း ဆိုင်ရာများ ကြိုတင်ညှိနှိုင်းရေး၊ စားကုန် ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌက COVID-19 Fund မှ ထုတ်ချေးပေးသည့် ချေးငွေများ အပေါ် တိုင်းဒေသကြီး/ ပြည်နယ် ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့များက စိစစ်တွေ့ရှိမှု များနှင့် ပတ်သက်၍လည်းကောင်း၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် စီးပွားရေး လုပ်ငန်း များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအသီးသီးက တင်ပြလာမှုများအပေါ် လုပ်ငန်းကော်မတီ က ဆက်လက်ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည် ဦးမော့လာစေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) (မူကြမ်း) ကို သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင် ရေးဆွဲ လျက်ရှိသည့် အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ လတ်တလောကာလတွင် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မမှန်ကန်သည့် သတင်းများ လူမှုကွန်ယက်များတွင် ဖြန့်ဝေပြီး လူထုစိတ်မသက်မသာဖြစ်စေရေးနှင့် ချောက်ခြားစေရန် ဆောင်ရွက်နေမှုများအပေါ် ဝန်ကြီးဌာန အလိုက် သတင်းမှန်များ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရေးနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများက ပြန်လည်တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍ ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)