Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင် နှင့် ဇနီး ဒေါ်တင်တင်ထွေး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ဇူလိုင် ၁၆


ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာလင်းထွဋ်နှင့်တာဝန်ရှိသူများ၏ ဆောင်ရွက်မှု များတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။


စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံနှင့် အင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တို့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်း တင်ဒါအောင်မြင်သော လုပ်ငန်းရှင်တစ်ဦး ထံမှ ရရန်ရှိသည့် တင်ဒါကျန်ငွေကျပ် သိန်း ၃၀၀၀ ကျော်နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၁၈) ဆုံးဖြတ်ချက်ဖြင့် ဝန်ကြီးချုပ်က လျော့ပေးပိုင်ခွင့်မရှိသည့် တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ခြင်း၊ ထိုသို့လျှော့ချပေးခဲ့သော် လည်း ပေးသွင်းရန်ကျန်ရှိသည့်ငွေကျပ် သိန်း ၁၇၀၀ ကျော်ကို စစ်ဆေးခဲ့သည့် အချိန်အထိ ပြန်လည် ရရှိအောင် စီမံဆောင်ရွက်နိုင်မှုမရှိခြင်း၊ စာချုပ်ပါစည်းကမ်းအတိုင်းဥပဒေနှင့်အညီ အရေးယူရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာ ဆုံးရှုံး စေခဲ့ကြောင်း။


ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံသည်  ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေး လုပ်ငန်းကို ပြည်နယ်အစိုးရသို့ ပေးသွင်းရန် ငွေပမာဏ သတ်မှတ်ပေးခြင်းမရှိဘဲ ၎င်း တစ်ဦးတည်း သဘောဖြင့် လုပ်ကိုင်ခွင့်ပြု ပေးခဲ့ခြင်းကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် ဘဏ္ဍာငွေ သိန်း ၁၀၀၀၀ ကျော်ခန့် ထိခိုက် နစ်နာ ဆုံးရှုံး စေခဲ့ကြောင်း၊


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အင်းလေးဒေသဇုန် ဝင်ခွင့်ကောက်ခံရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုရန် ပြည်နယ်အစိုးရက တားမြစ်သည့် ကုမ္ပဏီတစ်ခုကို အာမခံအဖြစ် တင်ပြရမည့် ငွေကျပ် သိန်း ၁၄၀၀၀ နှင့်ညီမျှသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများကို တင်ပြခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် တင်ဒါ ကြွေးကျန်နှင့် ဒဏ်ကြေးငွေကျပ် သိန်း ၁၁၀၀၀ ကျော်ကို ပြန်လည် မရရှိခဲ့ဘဲ နိုင်ငံတော်၏ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ ကြောင်း၊


ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင် တို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာရေး နှစ်အတွက် ကြွေးကျန်ပေးသွင်းရန် ကျန်ရှိသော ကုမ္ပဏီကို အာမခံအဖြစ် တင်သွင်းရမည့် ငွေကျပ် ၁၂၁၄၅ သိန်းနှင့် ညီမျှသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများကို တင်ပြခြင်းမရှိဘဲ ထပ်မံ လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် တင်ဒါ ကြွေးကျန် ငွေကျပ် သိန်း ၁၄၀၀၀ ကျော်ကို ပြန်လည်မရရှိခဲ့ဘဲ နိုင်ငံတော်၏ငွေကြေးများ ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။


ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေး တို့သည် အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းအတွက် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်း များ၏ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများကို အာမခံအဖြစ် တင်ပြခြင်းမရှိဘဲ ပိုင်ဆိုင်မှု စာရင်းကိုသာတင်ပြ၍ လုပ်ကိုင်ခွင့်ရယူခဲ့ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန်နှင့် ဒဏ်ကြေးငွေကျပ် သိန်း ၁၁၀၀၀ ကျော်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ကြွေးကျန် ငွေကျပ် သိန်း ၁၄၀၀၀ ကျော်ကို ယနေ့အထိပေးသွင်းမှု မရှိခြင်း တို့ကြောင့် နိုင်ငံတော်ကရရှိမည့် ငွေကြေးများကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း။

         

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ငွေစာရင်းမှ ငွေကျပ် သိန်း ၄၀၀၀ ကျော်ဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မှု မရှိခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေစာရင်းသို့ ပြန်လည် ပေးသွင်းရန်ကျန်ငွေ ကျပ်သိန်း ၈၉၀ ကျော်ကို ရရှိအောင် စီမံဆောင်ရွက်မှုမရှိခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးကို ထိခိုက် နစ်နာဆုံးရှုံး စေခဲ့ကြောင်း။


ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ စည်ပင်သာယာရေး ဌာနပိုင် ကုန်တင်ယာဉ်ကြီးများ ရပ်နားဂိတ်နေရာတွင် အဆင့်မြင့်ဆေးရုံ တည်ဆောက်လုပ် ကိုင်မှုနှင့် ကုန်တင်ယာဉ်ကြီးများရပ်နားစခန်းအား ကုမ္ပဏီပိုင်မြေပေါ်တွင် တည်ဆောက်၍ အကျိုးတူလုပ်ငန်း လုပ်ကိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီ (၂)ခုထံမှ စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကို လက်ခံရယူခဲ့ကြောင်း တို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဟောင်း ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ရှမ်းပြည်နယ် တောင်ကြီးမြို့မရဲစခန်းတွင် ဇူလိုင် ၁၆ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။


 (သတင်းစဉ်)