Skip to main content

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၁၅

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual ပုံစံဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ကနဦးစီမံချက်နယ်မြေအဖြစ် သတ်မှတ်ထားရှိပါကြောင်း၊ တက်ရောက် လာသူများက ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ရှေးရှု၍ ဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပထမငါးနှစ်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသော ကော်မတီဝင် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေးလုပ်ငန်း” များနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အတွက် ကလေးသူငယ် တစ်ဦးချင်းစီအလိုက် Potential ရှိသမျှ ဖွံ့ဖြိုးနိုင်ရေးအတွက် အတတ်နိုင်ဆုံးပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်