နေပြည်တော် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၃၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၁,၆၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှတောင်ကြီးသို့ ယာဉ်မောင်း ဆန်းဝင်းအောင် (၄၁)နှစ် မောင်းနှင်ပြီး အောင်မြင့်ထွန်း(၂၉)နှစ် လိုက်ပါလာသည့် ဆီဘောက်ဆာယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်၏ဆီသိုလှောင်ကန်အတွင်း မူးယစ်ဆေးဝါးများ ထည့်သွင်းသယ်ဆောင်လာကြောင်း မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဆီသိုလှောင်ကန်အား ဖွင့်ဖောက်စစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁,၆၀၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်း ရမိသော အိုက်စ်(မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)