ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှတင်သွင်း ရောက်ရှိလာသော အောက်ဆီဂျင်များ ခွဲဝေပေးရေး ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက တပ်မတော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးစီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့တို့ ပူးပေါင်း၍ အချိန်ကိုက်စနစ်တကျ ဖြန့်ဝေနိုင်ရန်နှင့် နည်းစနစ်ပိုင်းများအတွက် အောက်ဆီဂျင် နည်းပညာရှင်များ၊ အလှူရှင်များ၏ ငွေအားလူအား အကူအညီများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် ဦးစားပေး ဖြည့်တင်းပေးရမည့် ဆေးရုံများ ၊ စင်တာများနှင့် လိုအပ်ချက် အခက်အခဲများ မဖြစ်ပေါ်စေရေး ဆွေးနွေးအကြံပြုပေးကြရန် ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း က လတ်တလော အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာကြောင်း၊ ထပ်မံ ကူးစက်မှုလည်းရှိလာနိုင်ကြောင်း၊ ထို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံ သစ်ကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီး များတွင် ကိုဗစ်လူနာများထားရှိ ကုသပေးလျက်ရှိရာ ထိုဆေးရုံများနှင့် အင်းစိန်ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးနှင့် အင်းယားစင်တာများကို ဦးစားပေးအဖြစ် ပေးဝေရန်နှင့် ပြည်သူများ အောက်ဆီဂျင်အိုး အလွယ်တကူ ဖြည့်တင်းနိုင်ရေး စီစဉ်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်သူဆေးရုံများ၊ ကိုဗစ်ကုသရေး စင်တာများနှင့် ပြည်သူများထံသို့ အောက်ဆီဂျင်အိုးများ ဖြည့်တင်းပေးနိုင်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ယနေ့ညပိုင်းတွင် စေတနာရှင်အလှူရှင်များ ပြည်ပမှတင်သွင်းလာသော Liquid Oxygen မက်ထရစ်တန် ၂၀ သယ်ဆောင်လာသော ကား ၂ စီး ရန်ကုန်သို့ ရောက်ရှိလာကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)