Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၅

 နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းခွင့်ပြုမိန့်နှင့် လုပ်ငန်း လိုင်စင်များ လျင်မြန်သွက်လက်စွာ စိစစ်ဆောင်ရွက်သွားနိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများနှင့် အမြဲတမ်း ထိတွေ့ဆက်ဆံပြီး အနည်းဆုံး တစ်လလျင် တစ်ကြိမ်ခန့် ညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ဟိုတယ်များ ဆောက်လုပ်ခွင့်တင်ပြသည့် အခါတွင်လည်း သက်ဆိုင်ရာ အထောက်အထားများ စုံလင်ပါက One Stop Service ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ အနာဂတ်ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ပုံမှန် သွားလာခြင်းမျိုးမှ New Normal ပုံစံဖြင့် သွားလာနိုင်ရေး အတွက် အကျိုးရှိရှိ အသုံးပြုနိုင်သည့် Application တစ်ခု ပေါ်ပေါက်လာနိုင်ရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များထံ ထုတ်ချေးပေးထားသည့် ချေးငွေများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ၏ အခက်အခဲအမှန်များ၊ စာရင်းအမှန်များ သိရှိအောင် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ သေချာစွာ စိစစ်တင်ပြပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် Online မှ တက်ရောက် လာကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ တာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)