Skip to main content

အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ပညာပေးဟောပြောနေသည့် တာဝန်သိပြည်သူများအား အကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်

 
နေပြည်တော် ဇူလိုင် ၁၄

 
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေးဟောပြောခြင်း၊ အထောက်အကူ ပစ္စည်းများ လိုက်လံဝေငှခြင်းဆောင်ရွက်နေသည့် တာဝန်သိ ပြည်သူများအား နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့ စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၌ COVID-19 ရောဂါကူးစက် ပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တာဝန်သိပြည်သူများ ဖြစ်သည့် ဒေါ်သက်သက်ချို(ဘ)ဦးမောင်ကိုအပါအဝင် ပြည်သူ ၇ ဦးတို့သည် အဆိုပါမြို့ဈေးအဝင် လမ်း၌ COVID-19 ရောဂါများနှင့်ပတ်သက်၍ ပညာပေး ဟောပြောခြင်း၊ Mask နှင့် Hand Gel များဝေငှခြင်းများဆောင်ရွက်နေစဉ် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် အဖျက်အမှောင့် လုပ်ငန်းများဆောင်ရွက်နေသည့် အကြမ်းဖက်အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး (စိစစ်ဆဲ) သေနတ်ဖြင့် ၉ ချက်ခန့်ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

 

အရေးယူဆောင်ရွက်မည်


အဆိုပါပစ်ခတ်မှုကြောင့် ဒေါ်သက်သက်ချိုတွင် ဦးခေါင်း ထိမှန်ဒဏ်ရာဖြင့် အဆိုပါ နေရာ၌ပင် သေဆုံးခဲ့ပြီးအမျိုးသား ၃ ဦးတွင် လက်နက်ငယ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား မန္တလေးမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း လိုက်လံရှာဖွေလျက်ရှိကြောင်းနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်