Skip to main content

COVID – 19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၄

 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိတပ်ရင်းတပ်ဖွဲ့ အသီးသီး၌ပြင်ဆင်ဆောင်ရွက် ထားရှိရမည် ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။

 

ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့  ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၇၉ ဦးနှင့် အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၁၃၀ အားလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ  နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသားခြောက်ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၀ အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၆၈၅ ဦးနှင့် အမျိုးသမီး ၃၀၂ စုစုပေါင်း ၉၈၇ ဦးအား လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၉၉ ဦး စုစုပေါင်း ၁၆၇ ဦးအား လည်းကောင်း အသီးသီးလက်ခံထားရှိကြောင်း သိရှိရသည်။

 

အထက်ပါစောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ  စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက် ရှိသည်။

 

သတင်းစဉ်