နေပြည်တော် ဇူလိုင် ၁၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှဝယ်ယူထားသော ကာကွယ်ဆေးအရေအတွက် လေးသန်းအနက် ဇူလိုင်လစတုတ္ထပတ်တွင်တစ်သန်း နှင့်ဩဂုတ်လပထမအပတ်တွင် သုံးသန်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး နှစ်သန်းကိုလည်း ဩဂုတ်လအတွင်း ရောက်ရှိလာမည်ဖြစ်သောကြောင့် ရရှိလာမည့် ကာကွယ်ဆေး အရေအတွက် စုစုပေါင်း ခြောက်သန်းကို ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင် ရေးကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံခြင်း သတင်းအချက်အလက် စနစ်တကျမှန်ကန်စေရေးနှင့် ကာကွယ်ဆေးထိုးကတ်များတစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်စေရေး ကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်ဆောင်ရွက်မည့် လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ဆေးများ အအေး လမ်းကြောင်းမပြတ် သိုလှောင်ဖြန့်ဖြူးမည့် အစီအစဉ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ယခုနှစ်မကုန်မီ ဆက်တိုက်ရောက်ရှိလာမည့် ကာကွယ်ဆေး များနှင့် ပတ်သက်၍ ကြိုတင်ဆောင် ရွက်ထားရှိမည့် အစီအမံများကို ဆွေးနွေးခဲ့ကြသည်။
နေ့စဉ်တင်သွင်းနိုင်ရန် စီစဉ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ ဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး အတွက် ဆေးရုံများရှိ အောက်ဆီဂျင်ထုတ်လုပ်စက် (Oxygen plant)များ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် ထပ်မံဝယ်ယူတပ်ဆင်ရေးကိစ္စရပ်များ၊ အလွယ်တကူ သယ်ယူနိုင်သည့် အောက်ဆီဂျင် ထုတ်လုပ်စက်များ (Oxygen concentrators)၊ အောက်ဆီဂျင် ဆလင်ဒါများ ထပ်မံ ဝယ်ယူဖြည့်တင်း ရေးကိစ္စရပ်များ၊ အောက်ဆီဂျင်ထုတ်လုပ်စက်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနခွင့်ပြုချက်မလိုအပ်ဘဲ တင်သွင်းနိုင်ရန် ဖြေလျှော့ပေးခဲ့မှုများ၊ ပြည်တွင်း ၌ အောက်ဆီဂျင်အရည် (Liquid oxygen) များ စက်စွမ်းအားပြည့် တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး ကရင်ပြည်နယ် မြဝတီလမ်းကြောင်းမှ အောက်ဆီဂျင်အရည် (Liquid Oxygen)များ ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဘက်မှလည်း နေ့စဉ် တင်သွင်းနိုင်ရန် စီစဉ်ထားရှိပြီး ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပြည်သူများ လိုအပ် လျက်ရှိသည့် နေ့စဉ်အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးကိစ္စ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပြည်တွင်းသို့ အောက်ဆီဂျင်တင်သွင်းနိုင်ရေး ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြည်သူများကိုယ်စား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အသီးသီးတင်ပြဆွေးနွေး
ဆက်လက်၍ ကိုဗစ်-၁၉ အတည်ပြုလူနာများ တိုးမြှင့်ထားရှိနိုင်မည့် နေရာများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် လူနာခုတင်များ ထပ်မံ တိုးချဲ့မည့် အစီအစဉ်များ၊ အရေးပေါ်လူနာများကို လက်ခံကုသပေးနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများမှ ဦးစားပေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ အတည်ပြု လူနာများ တိုးမြှင့်လက်ခံထားရှိရန် ကိစ္စများနှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ လုပ်ငန်းအလိုက် အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆောင်ရွက်ရန်ရှိသည်များကို ပေါင်းစပ် ညှိနှိုင်းပြီး လိုအပ်သည်များကို မှာကြားသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ဦးစိန်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်