Skip to main content

အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး video conferencing ဖြင့် ကျင်းပ

နေပြည်တော် ဇူလိုင် ၁၄

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့တွင် video conferencing ဖြင့် ကျင်းပပြုလုပ်သော အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးကို လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့်အမေရိကန်တို့မှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် COVID-19 ကာကွယ်တိုက်ဖျက်ရေး၊ ပြည်သူ့ကျန်းမာရေး၊ အာဆီယံ-အမေရိကန် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးရာတွင် အာဆီယံ၏ COVID-19 ကာကွယ်တိုက်ဖျက်ရေးကြိုးပမ်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ အကူအညီများထပ်မံပေးအပ်သွားရန်တိုက်တွန်း ကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (IAI) ကိုလည်း ဆက်လက် ကူညီပံ့ပိုးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်းလုံခြုံရေးအခြေအနေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏ သဘော တူညီချက် (၅) ချက်တို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။

 

(သတင်းစဉ်)