နေပြည်တော်၊ ဇူလိုင် - ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေး ဟောပြောခြင်း၊ အထောက်အကူပစ္စည်းများ လိုက်လံဝေငှခြင်း ဆောင်ရွက်နေသည့် တာဝန်သိပြည်သူများအား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလား သည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၌ COVD-19 ရောဂါကူးစက်ပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တာဝန်သိပြည်သူများဖြစ်သည့် ဒေါ်သက်သက်ချို (ဘ) ဦးမောင်ကို အပါအဝင် ပြည်သူ ၇ ဦး တို့သည် အဆိုပါမြို့ဈေးအဝင်လမ်း၌ COVD-19 ရောဂါများနှင့်ပတ်သက်၍ ပညာပေး ဟောပြောခြင်း၊ Mask နှင့် Hand Gel များဝေငှခြင်းများ ဆောင်ရွက်နေစဉ် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်နေသည့် အကြမ်း ဖက်အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး (စိစစ်ဆဲ) သေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ် ထွက်ပြေးသွားခဲ့ ကြောင်းသိရှိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဒေါ်သက်သက်ချိုတွင် ဦးခေါင်း ထိမှန်ဒဏ်ရာဖြင့် အဆိုပါ နေရာ၌ပင် သေဆုံးခဲ့ပြီးအမျိုးသား ၃ ဦးတွင် လက်နက်ငယ် ထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား မန္တလေးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ဖြစ်စဉ် တွင် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း လိုက်လံရှာဖွေလျက်ရှိကြောင်းနှင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။