Skip to main content

ဗိုလ်မှူးချုပ်သန်းတင်(ငြိမ်း)ရေးသားသည့် “ကိုယ်တွေ့ဖြစ်ရပ်များ-စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ" စာအုပ် ထုတ်ဝေဖြန့်ချိ

နေပြည်တော် ဇူလိုင် ၁၂

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က ဗိုလ်မှူးချုပ်သန်းတင် (ငြိမ်း)ရေးသားသည့် “ကိုယ်တွေ့ဖြစ်ရပ်များ - စစ်ဆင်ရေးပြီးစစ်ဆင်ရေးမှ" စာအုပ်ကို ထုတ်ဝေ ဖြန့်ချိလိုက်သည်။ ယင်းစာအုပ်မှာ ၂၀၀၄ ခုနှစ် အမျိုးသားစာပေ(နိုင်ငံရေး)ဆုရ စာအုပ်ဖြစ်ပြီး တတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်။ စာရေးသူ၏ အသက် ၁၆ နှစ်အရွယ် တပ်သားသစ်ဘဝမှ စတင်ကာ တပ်မတော်တွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်လျက်နိုင်ငံနှင့်ပြည်သူအတွက်တိုက်ပွဲဝင် အောင်မြင်ခဲ့သည့် စစ်ခေါင်းဆောင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်သည်။

စာရေးသူသည် ၁၉၄၂ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ခိုက်ရန် မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA)သို့ ဝင်ရောက်ခဲ့ပြီး မင်္ဂလာဒုံ ပထမအပတ် ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ ဗိုလ်မှူးချုပ်၊ ဒုတိယဝန်ကြီး၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်တာဝန် တို့ကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး တပ်မတော် တာဝန် ၃၃ နှစ်၊ နယ်ဘက်တာဝန် ၁၃ နှစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်စဉ်အတွင်း စစ်ဆင်ရေး အမျိုးမျိုး၊ တိုက်ပွဲအမျိုးမျိုးဆင်နွှဲခဲ့ပုံ ကိုယ်တွေ့ ဖြစ်ရပ်များကို စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထားသည်။ နိုင်ငံလွတ်လပ်ရေးမရမီ ဖက်ဆစ် ဂျပန်တို့ကို တော်လှန်ခဲ့သည့် အတွေ့အကြုံများ၊ လွတ်လပ်ရေးရပြီးသည့်နောက် နှစ်ပေါင်း သုံး၊ လေးဆယ်တိုင်အောင် ပြည်တွင်းရောင်စုံသူပုန် သောင်းကျန်းသူတို့ကို စစ်ဆင်ရေးပြီး စစ်ဆင်ရေး အသွင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွေ့အကြုံများကို အချက်အလက်တိကျစွာ၊ အရေးအသား သွက်လက်စွာ တင်ပြရေးသားထားသည်။

စာရေးသူက “ဤဖြစ်ရပ်တွေကတကယ့်ဖြစ်ရပ် တွေ ဖြစ်သည်။ လွတ်လပ်ရေးရပြီး မြန်မာ့တပ်မတော် ကြီးသည် ရောင်စုံသူပုန်သောင်းကျန်းသူတွေအပေါ် တရားတဲ့စစ်ပွဲတွေဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ ရဲဘော်တွေရဲ့ နောင်တော်တွေဟာ မည်ကဲ့သို့ တိုက်ခိုက်ပြီး ကျော်လွှားခဲ့ရသည့်ဖြစ်ရပ်တွေကို နောင်လာနောက်သား ညီငယ်အရာရှိ၊ အကြပ်တပ်သားတွေ အားလုံးကိုသိစေချင်ပါသည်" ဟု အမှာတွင် ရေးသားထားပြီး နိုင်ငံ၏လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန် တပ်မတော်သားများသည် ဇွဲ၊ စွမ်းရည်၊ တိုင်းပြည်။ လူမျိုးနှင့် တပ်မတော်ကိုချစ်သည့် စိတ်ဓာတ်လိုအပ်ကြောင်း နှိုးဆော်ရေးသားထားသည်။

စာအုပ်တွင် စာမျက်နှာ(၄၃၇)မျက်နှာ ပါဝင်ပြီး အပိုင်း(၇)ပိုင်းခွဲကာ ကိုးကားသောစာအုပ်စာတမ်း များ၊ ဓာတ်ပုံ၊ မြေပုံများဖြင့် ပြည့်စုံဝေဆာစွာ ရေးသား ထားသည်။ တန်ဖိုးငွေကျပ် ၆၅၀၀ ဖြင့် ရန်ကုန်မြို့၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင်၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ်(တ-၅၅) သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်၊ ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်