Skip to main content

ဒေါက်တာမောင်မောင်ရေးသားသည့် “သားမောင်စစ်သည်သို့” စာအုပ် ထုတ်ဝေဖြန့်ချိ

နေပြည်တော် ဇူလိုင် ၁၂  

ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ စာပေဗိမာန်က ဒေါက်တာမောင်မောင်ရေးသားသည့် "သားမောင်စစ်သည်သို့ စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။ ယင်းစာအုပ်မှာ စတုတ္ထအကြိမ်ထုတ်ဝေခြင်း ဖြစ်သည်။ ကိုယ်တိုင်လည်း တပ်မတော်သားဖြစ်ပြီး တပ်မတော်သားစစ်သည်တို့၏ ဖခင်ဖြစ်သူက တပ်မတော်သည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည့် အခန်းကဏ္ဍဖြစ်ကြောင်း ရေးသားထားသည့်စာအုပ်ဖြစ်သည်။

စာရေးသူသည် ၁၉၄၃ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်တွင် စတင်တာဝန်ထမ်းဆောင်ကာ မင်္ဂလာဒုံစစ်တက္ကသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်းတက်ရောက်ခဲ့သည်။ ထိုမှရန်ကုန်တက္ကသိုလ်တက်ရောက်ကာ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့၊ ဥပဒေဝိဇ္ဇာဘွဲ့၊ ဥပဒေပါရဂူဘွဲ့တို့ ရရှိခဲ့သူဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ကထိက၊ ပြန်ကြားရေးဌာန နယူးတိုင်းသတင်းစာ အယ်ဒီတာဘဝမှသည်တရားသူကြီးချုပ်၊ နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဗမာ့တပ်မတော်တွင် ခေတ္တတာဝန်ထမ်းခဲ့စဉ်အတွင်း တော်လှန်ရေး၊ စစ်ရေးအတွေ့အကြုံများကို သားဖြစ်သူ တပ်မတော်သားစစ်သည်ကို  ရည်စူးကာ ရေးသားခဲ့ခြင်းဟုဆိုသော်လည်း သားမောင်စစ်သည်များ၊ တိုင်းပြည်၏သားကောင်းရတနာများ အားလုံးအတွက် ရည်ရွယ်ရင်း ဖြစ်သည်။ မိမိ၏ ငယ်ဘဝ၊ ဗမာ့ကာကွယ်ရေးတပ်မတော်သားဘဝ၊ စစ်တက္ကသိုလ်ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းဆရာဘဝ၊ ပြန်ကြားရေးဌာန အယ်ဒီတာဘဝ၊ လန်ဒန်ပညာတော်သင်ဘဝတို့နှင့်အတူ နိုင်ငံ၏အကျိုးကိုတပ်မတော်သည်ပြည်သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများကို စုံလင်စွာရေးသားထားသည်။

စာရေးဆရာ၊ အယ်ဒီတာလည်းဖြစ်သဖြင့် အရေးအသား ရှင်းလင်းပြတ်သားပြီး စစ်သည်တော်များ၏ဘဝကို စိတ်ဝင်စားဖွယ် သရုပ်ပီပြင်စွာရေးဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။ ခေတ်ပြိုင်နိုင်ငံရေး၊ လူမှုရေး အခင်းအကျင်း၊ လူပုဂ္ဂိုလ်တို့ကိုပါ ထိတွေ့ရေးသားထားသဖြင့် နိုင်ငံသမိုင်း၊ တပ်မတော်သမိုင်းအတွက်သာမက မျိုးဆက်သစ်လူငယ်များ အတွက်လည်း တန်ဖိုးရှိသောစာအုပ်ဖြစ်သည်။

စာအုပ်တွင် စာမျက်နှာ(၂၇၇)မျက်နှာ ပါဝင်ပြီး အခန်း(၈)ခန်း ပါဝင်သည်။ တန်ဖိုးငွေကျပ် ၅၀၀၀ ဖြင့် ရန်ကုန်မြို့၊ အမှတ် ၅၂၉-၅၃၁၊ | ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင်၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁၃၈၁၄၄၈၊ အမှတ်(တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်၊ ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်